တံတားဦးမြို့နယ်တွင် သက်တော် ၁၀၀ ရှိ ဖျောက်ဆိပ်တောရကျောင်းဆရာတော် ဘဒ္ဒန္တဦးဝိစာရ ပျံလွန်တော်မူပြီး ၁၁ ရက်ကျော်ကြာအထိ ခန္ဓာကိုယ်ပုပ်သိုးခြင်း မရှိဟု သိရ

တံတားဦးမြို့နယ်တွင် သက်တော် ၁၀၀ ရှိ ဖျောက်ဆိပ်တောရကျောင်းဆရာတော် ဘဒ္ဒန္တဦးဝိစာရ ပျံလွန်တော်မူပြီး ၁၁ ရက်ကျော်ကြာအထိ ခန္ဓာကိုယ်ပုပ်သိုးခြင်း မရှိဟု သိရ
Published 10 February 2018

တံတားဦးမြို့နယ် သပြေကန်ကျေးရွာရှိ ဖျောက်ဆိပ်တောရကျောင်း ဆရာတော် ဘဒ္ဒန္တဦးဝိစာရ သက်တော် ၁၀၀ နှစ်သည် ပျံလွန်တော်မူပြီး ၁၁ ရက်ကျော်ကြာချိန်အထိ ခန္ဓာကိုယ်မှာ မပုပ်မသိုး အနံ့အသက်မရှိဘဲ ပကတိအတိုင်း ရှိနေသည်ဟု သိရသည်။

အဆိုပါ ဖျောက်ဆိပ်တောရ ဆရာတော် ဦးဝိစာရသည် တပို့တွဲလဆန်း ၁၃ ရက် နံနက် ၁ နာရီ ၅၀ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။ ထိုနောက် တပည့်သာဝကများက ရုပ်ကလာပ်တော်ကို ရေချိုး၊ ခေါင်းရိတ်ပေးပြီး ပကတိအတိုင်း ဆေးမထိုးဘဲ အပူဇော်ခံထားခဲ့ရာ ၁၁ ရက်မြောက်အထိ မပုပ်မသိုး အနံ့အသက်မရှိ ပကတိအတိုင်း စင်ကြယ်စွာ ဖူးမြော်နေသည်ဟု ဖျောက်ဆိပ်တောရကျောင်းမှ ဆရာတော်ကြီး၏ တပည့်ဆရာတော်က မိန့်ကြားသည်။

“ဆရာတော်က ငယ်ငယ်က အနေအထိုင် လျှို့ဝှက်တယ်။ ထင်ရှားကျော်ကြားလိုချင်းမရှိဘူး။ ဘာသာရေးအရ ပြောရရင် ဓူတင်ဆောက်တည် နေထိုင်ခဲ့တဲ့ ဆရာတော်ကြီးက ထည်ထည်ဝါဝါများကို သဘောမကျဘူး။ သူ့အကြောင်းတွေကိုလည်း ဘယ်သူမှ မပြောခဲ့ဘူး။ ငယ်ငယ်က လက်ရှိနေထိုင်တဲ့ ကျောင်းမှာ ကိုရင်ဘ၀ ဖြစ်ခဲ့တယ်။ နောက်မိဘတွေနဲ့ဝေးရာ ကိုရင်ဘဝနဲ့ နယ်ပြောင်းသွားတယ်လို့ ဘုန်ကြီးတို့ ကြားဖူးတာ။ နောက်ပြီး ကျောက်ဆည်တောင်ဘက် ကြာကန်ကြီးရွာနားက မယ်ညိုတောင်ရှိတယ်။ အဲဒီမယ်ညို တောင်မှာရှိတဲ့ ဆရာတော်ကြီးဆီမှာ ရဟန်းဖြစ်တာ ကြားဖူးတယ်။ နောက်ပြီး ကျောက်ဆည်မင်းကုန်းကျောင်းမှာ နေခဲ့ဖူးတယ်။ မန္တလေးမှာကျတော့ ကုသိနာရုံရဟိုင်းကျောင်းမှာ သီတင်းသုံးခဲ့ဖူးတယ်။ အဲဒီကနေ ရန်ကုန်မြန်အောင်ကျောင်းမှာ သီတင်းသုံးတယ်။ အဲဒီကနေ ပခုက္ကူ  စာသင်တိုက်မှာ ကျမ်းကြီးပေါက် လုပ်ခဲ့တယ်။ အဲဒီမှာပဲ စာချတာဝန်ယူခဲ့တယ်။ အဲဒီကနေ ဆရာတော်ကို တောင်းပန်ပြီးတော့ ကိုယ်နယ်ကို ပြန်မယ်ဆိုပြီးတော့ ဒီဘက်နယ်ကို ပြန်လာတာပေါ့။ ဒီဘက်နယ် ပြန်လာတာကိုပဲ ရွာကိုတစ်ခါတည်း ပြန်မရောက်သေးဘူး။ ဘုန်ကြီးတို့ရဲ့ အနောက်တောင်ဘက်နားက နတ်စိမ်းရွာဆိုတာရှိတယ်။ နတ်စိမ်းရွာမှာ ငါးနှစ်လောက် ဝါဆိုခဲ့တယ်။ အဲဒီရွာမှာ ကျောင်းထိုင် ဆရာတော်အဖြစ် ငါးနစ်လောက် ဝါဆိုပြီးတော့မှ ဒီကျောင်းက ဆရာသမား ပျံလွန်တော်မူတော့ ကိုယ့်ရွာကိုယ်ပြန်ခဲ့တာ။ အဲဒီလိုပဲ ကြားဖူးတာပေါ့။ ဖျောက်ဆိပ်တောရမှာ ကျောင်းထိုင်တာ ၄၄ နှစ်လောက်ရှိပြီ။ သက်တော် ၁၀၀ နှစ် ဝါတော် ၈၀ ပြည့်နှစ်မှာ ပျံလွန်တော်မူတယ်” ဟု တပည့်ဆရာတော်က မိန့်ကြားသည်။

ဆရာတော်ကြီးက “ငါသေရင် သုံးရက်နဲ့ မီးသြင်္ဂိုဟ်လိုက်ကြ။ ဘာမှ အကျယ်မချဲ့နဲ့။ ဘယ်သူမှ ဒုက္ခမပေးနဲ့” ဟု မိန့်ကြားထားသော်လည်း သုံးမြောက်နေ့အထိ မပုပ်မသိုး အနံ့မထွက်သည့်အတွက် အဝေးနေ တပည့် ဒါယကာများ ဖူးမြော်ကြည်ညိုရန် စောင့်ဆိုင်းထားရာမှ ၁၁ ရက်မြောက် ရောက်ခဲ့သည့်တိုင် ပကတိအတိုင်း ရှိနေဆဲဖြစ်သည်။

တံတားဦးမြို့နယ် သပြေကန်ရွာ သက်တော်ရှည် ဖျောက်ဆိပ်တောရ ဆရာတော် ဘုရားကြီး ဦးဝိစာရသည် သပြေကန်ရွာမှ ခမည်းတော် ဦးချစ်ဖူး၊ မယ်တော်ဒေါ်ရွှေဆပ်တို့မှ မွေးဖွားသည် သားသုံးယောက်၊ သမီးတစ်ယောက် ရှိသည့်အနက် ပထမ သားဦးရတနာ ဖြစ်သည့် ဆရာတော်ကြီးမှာ မွေးချင်းလေး ယောက်ရှိသည့်အနက် ညီများဖြစ်သည့် ဦးကြွက်နီနှင့် ဦးညိုတို့မှာ ကွယ်လွန်သွားကြပြီး ညီမအငယ်ဆုံးဖြစ်သည့် ဒေါ်ရွှေသိုက်မှာ လက်ရှိ အသက် ၈၂ နှစ်အထိ ကျန်းမာစွာ ရှိနေကြောင်း၊ သက်တော်ရှည် ဆရာတော်ကြီးကို ၁၂၈၀ ပြည့်နှစ်၌ မွေးဖွားခဲ့ပြီး ၁၃၇၉ ခုနှစ် တပို့တွဲလဆန်း ၁၃ ရက် နံနက် ၁ နာရီမိနစ် ၅၀ တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။

Most Read

Most Recent