ပန်းလှိုင်ဘူတာအနီးတွင် သားမယားပြုကျင့်ခံခဲ့ရပြီး ဆေးရုံတက်နေရသည့် လေးနှစ်အရွယ်မိန်းကလေးကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သွားရောက်တွေ့ဆုံ

ပန်းလှိုင်ဘူတာအနီးတွင် သားမယားပြုကျင့်ခံခဲ့ရပြီး ဆေးရုံတက်နေရသည့် လေးနှစ်အရွယ်မိန်းကလေးကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သွားရောက်တွေ့ဆုံ
Published 10 February 2018

အခင်းဖြစ်ပွားရာ နေရာသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင်များ သွားရောက် စစ်ဆေးစဉ်

စမ်းချောင်းမြို့နယ် ပန်းလှိုင်ဘူတာအနီး၌ သားမယားပြုကျင့်ခံခဲ့ရသည့် လေးနှစ်အရွယ် မိန်းကလေးကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဖေဖော်ဝါရီ ၉ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်ကလေး ဆေးရုံကြီး၌ သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်တွေ့ဆုံစဉ် မိန်းကလေးငယ်၏ ကျန်းမာရေး အခြေအနေအား ဆေးရုံမှ တာဝန်ရှိ ဆရာဝန်များနှင့် တွေ့ဆုံဆွေးနွေးပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မိန်းကလေးငယ်၏ ကျန်းမာရေးအတွက် ထောက်ပံ့ငွေ အလှူငွေကျပ် တစ်သိန်းလှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့နောက် ပြုကျင့်ခံခဲ့ရသည့် မိန်းကလေးနှင့် ၎င်း၏ မိသားစုနေထိုင်ရာ စမ်းချောင်းမြို့နယ် ဟုမ်းလမ်း ဘူတာရပ်ကွက် ပန်းလှိုင်ဘူတာအနီး ပန်းလှိုင်ခုံးတံတားအောက်နှင့် အခင်းဖြစ်ပွားရာ နေရာများသို့ သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

“သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ် ဆောင်ရွက်နေတယ်ဆိုတာ သိရဖို့ လာရောက်လေ့လာ စုံစမ်းတာပါ။ သက်ဆိုင်ရာ ရဲစခန်းကိုလည်း သွားခဲ့ပါတယ်။ မြို့နယ်မှူးနဲ့တွေ့ပြီးတော့ အမှုအခြေအနေကိုလည်း သေချာလေ့လာခဲ့ပါတယ်။ သက်ဆိုင်ရာ ဆေးရုံကိုသွားပြီးတော့လည်း ကလေးရဲ့ ကျန်းမာရေး အခြေအနေကို မေးမြန်းပြီး ကလေးရဲ့ လိုအပ်ချက်တွေကို ထောက်ပံ့ကူညီ ပေးခဲ့ပါတယ်။ သက်ငယ်မုဒိန်းမှုတွေ အများဆုံးက သူတို့နဲ့ နီးစပ်တဲ့သူတွေနဲ့ ဖြစ်ကြတာများတယ်။ နောက်ပြီး မိဘတွေရဲ့ အုပ်ထိန်းမှုနဲ့လည်း ဆိုင်ပါတယ်။ ကလေးတွေကို သေချာဂရုစိုက်ဖို့ လိုပါတယ်။ ပြစ်မှုကျူးလွန်တဲ့သူ တွေကိုလည်း အမြန်ဆုံးဖော်ထုတ်ပြီး ဥပဒေအရ အရေးယူဖို့ လိုပါတယ်။ တရားခံကို အမြန်ဆုံး ဖော်ထုတ်ပေးဖို့ တွန်းအားပေး လုပ်ဆောင်မှုတွေ လုပ်သလိုမိတဲ့ အခါမှာလည်း ထိရောက်တဲ့ပြစ်ဒဏ်ပေးဖို့ လုပ်ဆောင်နေပါတယ်။ သက်ငယ်မုဒိမ်းမှုတွေလိုဘဲ ကလေးငယ်တွေကို ညဉ်းပန်းနှိပ်စက်မှုတွေ ရှိနေပါတယ်။ အဲဒါတွေ လျော့ကျဖို့လည်း လုပ်ဆောင်နေပါတယ်။ အခုအမှုကိုလည်း သေချာလေ့လာ စောင့်ကြည့်သွားမှာပါ” ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးဘုန်းကြွယ်က ဆိုသည်။

မိန်းကလေးငယ်၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်ပြီး လိုအပ်သည့် ကုသမှုများ လုပ်ဆောင်နေပြီး ကျန်းမာရေး အခြေအနေမှာ ပြန်လည်ကောင်းမွန်လာကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောကြားသည်။

“ကလေးရဲ့ ကျန်းမာရေးအခြေအနေက တိုးတတ်ကောင်းမွန်နေပါပြီ။ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ လုပ်ထားပါတယ်။ ဆရာမတို့ဘက်က ကျန်းမာရေးကုသမှုတွေ လုပ်ပြီးရင် သက်ဆိုင်ရာ ဝန်ကြီးဌာနဘက်က ကလေးရဲ့ စိတ်ကျန်းမာရေး အတွက်ရော အခြားလိုအပ်တာတွေပါ လုပ်ပေးဖို့ရှိပါတယ်” ဟု ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောကြားသည်။

ထို့နောက်အမှု အခြေအနေနှင့် ပတ်သက်၍ နီးစပ်မှုရှိနေပြီဖြစ်ပြီး အမှုဖြစ်စဉ်အား တရားခံမိမှသာ သိနိုင်မည် ဖြစ်ကြောင်း စမ်းချောင်းမြို့နယ် မြို့နယ်မှူးရဲမှူး ဦးအောင်လွင်က ပြောကြားသည်။

“ဖော်ထုတ်ထားပြီးပါပြီ။ ဒါပေမဲ့ တရားခံကိုတော့ မဖမ်းမိသေးပါဘူး။ တတ်နိုင်သမျှ ဖော်ထုတ်ထားပါတယ်။ တရားခံဘယ်နှစ်ယောက် ဆိုတာလည်း တရားခံမိမှ တိတိကျကျသိရမှာပါ။ ရာခိုင်နှုန်း ၉၀ လောက် ဖော်ထုတ်ထားပြီးပါပြီ။ တရားခံမမိသေးလို့ ဘာမှမထုတ်ပြန်သေးတာပါ” ဟု ရဲမှူးဦးအောင်လွင်က ပြောကြားသးည်။

စမ်းချောင်းမြို့နယ် ဟုမ်းလမ်းဘူတာရပ်ကွက် ပန်းလှိုင်ဘူတာအနီး ပန်းလှိုင်ခုံးတံတားအောက်တွင် နေထိုင်သည့် အသက်လေးနှစ်အရွယ် မိန်းကလေးငယ်မှာ ဖေဖော်ဝါရီ ၃ ရက် နံနက် ၄ နာရီခန့်က အဆိုပါ ခုံးတံတားအောက် မီးရထားသံလမ်း နှစ်ခုကြားတွင် မိသားစုနှင့်အတူ အိပ်ပျော်နေစဉ် ပျောက်ဆုံးသွားခဲ့သဖြင့် လိုက်လံရှာဖွေခဲ့ရာ ယင်းနေ့ နံနက် ၆ နာရီခွဲခန့်တွင် သားမယား ပြုကျင့်ခံထားရခြင်းဖြစ်ပြီး ရန်ကုန်ကလေးဆေးရုံကြီးတွင် ဆေးကုသမှုှုခံနေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကို စမ်းချောင်းမြို့မရဲစခန်းက (ပ)၄၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent