<

တရုတ်နှစ်သစ်ကူးမတိုင်မီ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သို့ သစ်သီးကားအ၀င်များနေပြီး ၀ယ်လိုအားထက် ရောင်းလိုအားပိုများနေ

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သို့ သစ်သီးကားများဝင်ရောက်စဉ်

တရုတ်နှစ်သစ်ကူးမတိုင်မီ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ သစ်သီးကုန်စည် ဈေးကွက်အတွင်းတွင် သစ်သီးအရောင်းအ၀ယ် ဖြစ်လျက်ရှိနေပြီး သစ်သီးဈေးကွက်အတွင်းသို့ သစ်သီးတင်ယာဉ်အစီး ၄၀၀မှ ၅၀၀ ၀န်း ကျင်အထိ ၀င်ရောက်လာပြီး အရောင်းအ၀ယ် ဖြစ်လျက်ရှိနေသော်လည်း ၀ယ်လိုအားထက် ရောင်းလိုအားများနေကြောင်း သစ်သီးကုန်စည်ဈေးကွက်အတွင်းမှ သိရသည်။

ဖေဖော်ဝါရီလ ပထမပတ်အတွင်း မူဆယ် ၁၀၅ မိုင် သစ်သီးကုန်စည်ဈေးကွက်အတွင်းသို့  ဖရဲသီးနှင့်သခွားသီးကားစီးရေ တစ်ရက်လျှင် အစီးရေ ၅၀၀ ခန့်အထိ ၀င်ရောက်လျက်ရှိနေပြီး ၀င်ရောက်လာသော ဖရဲမျိုးများတွင် အစေ့မဲ့ဖရဲနှင့် ထိုင်ဝမ်ဖရဲမှာ ရောင်း အားပိုကောင်းနေကြောင်း သိရသည်။

“ပြည်တွင်းမှာ ဖရဲစိုက်ပျိုးမှုများလာတော့ ရောင်းလိုအားလည်း များလာပါတယ်။ပြည်ပကနေ ဖရဲလာစိုက်ပျိုးတဲ့သူတွေက အစေ့မဲ့ဖရဲနဲ့ ထိုင်ဝမ်ဖရဲကို အဓိကထားပြီး စိုက်ပျိုးကြပါတယ်။ ဖြစ်ချင်တော့ ဒီနှစ် ဒီရက်ပိုင်းအထိ အစေ့မဲ့နဲ့ ထိုင်ဝမ်ဖရဲသီးရဲ့ ဈေးနှုန်းက မြန်မာတောင်သူအများစု စိုက်တဲ့ ၈၅၅ ဖရဲသီးမျိုးထက် ဈေးပိုကောင်းနေပါတယ်။ တချို့ မြန်မာတောင်သူတွေကတော့ အစေ့မဲ့ ဖရဲနဲ့ ထိုင်ဝမ်ဖရဲကို အောင်မြင်အောင် စိုက်ပျိုးနိုင်ကြပြီဖြစ်ပြီး အသီးအရည်အသွေးက တရုတ်ပြည်သီးတွေထက်ပိုကောင်းပြီး ဈေးပိုရတာကို တွေ့နေရပါပြီ” ဟု မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ်က ပြောကြားသည်။

ဖေဖော်ဝါရီ ပထမပတ်အတွင်းတွင် မူဆယ် ၁၀၅ မိုင် သစ်သီးဈေးကွက်အတွင်း ဖရဲသီးတစ်တန်လျှင် အမြင့်ဈေး ယွမ် ၁၈၀၀ အထိရရှိနေပြီး သခွားမွှေးတစ်တန်လျှင် ယွမ် ၅၀၀၀ အထိ ဈေးရရှိနေကြောင်း သိရသည်။

လက်ရှိအချိန်တွင် မူဆယ် ၁၀၅ မိုင် သစ်သီးဈေးကွက်အတွင်းသို့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတို့မှ ဖရဲသီးများ ၀င်ရောက်လာမှုများနေပြီး ရှမ်းပြည်နယ်ဒေသထွက် ဖရဲသီးများမှာ ဧပြီလခန့်မှသာ ထွက်ရှိရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။

“တရုတ်နှစ်သစ်ကူးနီးပြီဆိုတော့ သစ်သီး အရောင်းအ၀ယ်တွေဖြစ်ပါတယ်။ ဒါပေမဲ့ သစ်သီးကားတွေ မူဆယ် ၁၀၅ မိုင်ထဲဝင်တာ က အရင်နှစ်တွေထက်များနေတော့ ၀ယ်လိုအားထက် ရောင်းလိုအား ပိုများနေပါတယ်။ ဒါပေမဲ့လည်း နှစ်သစ်ကူးနီးတော့ အရောင်း အ၀ယ်တော့ဖြစ်ကြပါတယ်။ တရုတ်နှစ်သစ်ကူးက ဖေဖော်ဝါရီ ၁၆ ရက်ဆိုတော့ ၁၀ ရက် ကျော်ရင်တော့ ၀ယ်လက်တွေ နည်းသွားမယ်လို့ထင်ပါတယ်။ နှစ်သစ်ကူးတဲ့အချိန် တချို့ က တရုတ်ပြည်ကြီးထဲပြန်ကြတော့ အရောင်းအ၀ယ်ပါးမယ့် သဘောရှိပါတယ်။ ဒီရက်ပိုင်း အတွင်းမှာတော့ အရောင်းအ၀ယ်ဖြစ်နေဦးမှာပါ” ဟု မူဆယ် သစ်သီးဝလံကုန်စည်ဒိုင်မှ  ဒေါ်ရီရီခိုင်က ပြောကြားသည်။

မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံကုန်စည်ဈေးကွက်အတွင်းသို့ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလအတွင်း ဖရဲသီးကား ၈၇၀၆ စီးမှ ဖရဲသီးတန်ချိန် ၁၁၉၄၆၅ တန်၊ သခွားမွှေးသီးကား ၁၅၉၈ စီးမှ သခွား သီးတန်ချိန် ၁၀၈၂၉ တန်၊ ဆီးသီးကား ၉၃ စီးမှ ဆီးသီးတန်ချိန် ၄၀၄ တန် အရောင်း အ၀ယ်ဖြစ်ခဲ့ကြောင်း သိရသည်။














Copy Protected by Chetan's WP-Copyprotect.