ကျောက်တန်းမြို့နယ် အောင်ချမ်းသာကျေးရွာတွင် အကျဉ်းသားတစ်ဦး သေနတ်ကျည်ထိမှန်ကာ သေဆုံးမှုဖြစ်ပွား

ကျောက်တန်းမြို့နယ် အောင်ချမ်းသာကျေးရွာတွင် အကျဉ်းသားတစ်ဦး သေနတ်ကျည်ထိမှန်ကာ သေဆုံးမှုဖြစ်ပွား
Published 9 February 2018

ကျောက်တန်းမြို့နယ် အောင်ချမ်းသာကျေးရွာရှိ အောင်ချမ်းသာစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းတွင် အကျဉ်းသားတစ်ဦး ကျည်ထိမှန်ကာ သေဆုံးမှု ဖေဖော်ဝါရီ ၇ ရက်က ဖြစ်ပွားခဲ့ကြောင်း တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၀ နာရီခန့်က ကျောက်တန်းမြို့နယ် တံတားမြို့ အောင်ချမ်းသာကျေးရွာရှိ အောင်ချမ်းသာစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်း၌ ရာဇသတ်ကြီး ပုဒ်မ-၃၀၂ (၂)ဖြင့် ထောင်ဒဏ်ငါးနှစ် ပြစ်ဒဏ်ကျခံနေသော နေမျိုးဦး (ခ) ဆယ်နှစ်ကွင်း (၃၀နှစ်) သည် လယ်မြေများအတွင်း ကောက်သင်းကောက်နေကြောင်း၊ ထိုစဉ် အကျဉ်းဦးစီးဌာနမှ တပ်ခွဲ (၃) လက်နက်ကိုင် အကျဉ်းထောင် ဒုတပ်ကြပ် မျိုးထိုက် ကိုင်ဆောင်ထားသော ၅ ဒသမ ၅၆ မီလီမီတာ ချေမှုန်းရေးရိုင်ဖယ် (MA-11) မှ ကျည်ထွက်သွားကာ အကျဉ်းသား နေမျိုးဦး ဝမ်းဗိုက်အား ထိမှန်ခဲ့ကြောင်း သိရသည်။

“သေနတ်ကျည်က နောက်ကျောကနေ ရင်ညွန့်ကိုဖောက်ဝင်သွားပြီး သေဆုံးသွားတာ။ ပြစ်မှုကျူးလွန်ခဲ့တဲ့ ဒုတပ်ကြပ်ကိုလည်း ဖမ်းဆီးထိန်းသိမ်း စစ်ဆေးနေတယ်” ဟု ရန်ကုန်တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ကျည်ထိမှန်သည့် အကျဉ်းသားနေမျိုးဦးအား ဆေးခန်းသို့ ခေါ်ဆောင်ပြီး ဆေးကုသနေစဉ် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ ဒုတပ်ကြပ်မျိုးထိုက်က ကုလားထိုင်ဖြင့်ထိုင်၍ အကျဉ်းဦးစီးဌာနပိုင် လယ်မြေအတွင်း ကောက်သင်းကောက်နေသော အဖွဲ့အား ကြီးကြပ်နေကြောင်း၊ ထိုစဉ် သေနတ်ကျည်အိမ်မှာ ခုံအောက်သို့ ပြုတ်ကျသွား၍ ကုန်းကောက်စဉ် ကုလားထိုင်လက်တန်းနှင့် သေနတ်မောင်းခလုတ်ထိပြီး ကျည်ထွက်သွားခဲ့ကြောင်း၊ ယင်းကျည်ဆန်မှာ ပေ ၅၀ ခန့် အကွာ၌ ရပ်နေသည့် အကျဉ်းသားနေမျိုးဦးအား ထိမှန်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒုတပ်ကြပ်မျိုးထိုက်ကို ကျောက်တန်းမြို့နယ် တံတားနယ်မြေရဲစခန်းက (ပ) ၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

Most Read

Most Recent