<

ရန်ကုန်တိုင်းဒေသကြီး၌ ဇန်န၀ါရီလအတွင်း လူသတ်မှု ၂၄ မှုအပါအ၀င် အမှုကြီး ၅၀ ဖြစ်ပွားခဲ့ကြောင်း သိရ

ရန်ကုန်တိုင်းဒေသကြီး၌ ဇန်န၀ါရီလအတွင်း လူသတ်မှု ၂၄ မှု အပါအ၀င် အမှုကြီး ၅၀ ဖြစ်ပွားခဲ့ကြောင်း ဖေဖော်ဝါရီ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့် မှုခင်းများအနက် အမှုကြီးဆယ်မျိုးတွင် လူသတ်မှု ၂၄ မှု၊ မုဒိန်းမှု ၂၃ မှုနှင့် လုယက်မှု ၃ မှုတို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇန်န၀ါရီလအတွင်း ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်စဉ်တစ်ခုမှာ ဇန်န၀ါရီ ၂၃ ရက် ည ၇ နာရီခန့်တွင် ကော့မှူးမြို့နယ် ခရာစုကျေးရွာနေ ဒေါ်….(၄၀ နှစ်)သည် နေအိမ်၌ရှိနေစဉ် ဗိုက်အောင့်သဖြင့် နေအိမ်ရှိ အလုပ်သမားဖြစ်သူ ဦး… (၄၀နှစ်) နှင့်အတူ ဆေးခန်းသွားပြခဲ့ကြောင်း သိရသည်။

ယင်းနောက် ၎င်းတို့နှစ်ဦးမှာ ဆေးခန်းသွားပြပြီးနောက်တွင် နေအိမ်သို့ ပြန်ရောက်လာခြင်း မရှိခဲ့ကြောင်း၊ ထိုသို့ ပြန်ရောက်လာခြင်းမရှိသည့်အတွက် နေအိမ်မှ မိသားစုဝင်များမှာ ဇန်န၀ါရီ ၂၄ ရက်တွင် လိုက်လံ ရှာဖွေခဲ့ရာ ၎င်းတို့နေအိမ်နှင့် သုံးဖာလုံခန့်အကွာ ကွင်းအမှတ်(၄၀၅/စီ)လယ်ကွင်း လှည်းလမ်းဘေးတွင် နှစ်ဦးလုံးဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား ကော့မှူးမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ခဲ့ပြီး ကျူးလွန်သူဖြစ်သည့် ကော့မှူးမြို့နယ်နေ ၀င်းဇော်(၄၃ နှစ်)ဆိုသူမှာ ဇန်န၀ါရီ ၂၆ ရက်တွင် ၀ါးဘလောက်သောက်ရဲကင်းစခန်းသို့ လာရောက် အဖမ်းခံခဲ့ကြောင်း သိရသည်။

ကျူးလွန်သူမှာ အသတ်ခံရသည့် အမျိုးသမီးနှင့် အိမ်ထောင်ကျခဲ့ဖူးသူဖြစ်ကာ လူမှုရေးကိစ္စများကြောင့် ထိုသို့ ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီးတွင် လူအများစိတ်ဝင်စားခဲ့သည့် လူသတ်မှုမှာ FDA အမျိုးသမီးဝန်ထမ်းအား သတ်ဖြတ်မှု တစ်ခုဖြစ်သည်။

ယင်းအမှုမှာ လူသတ်ခဲ့သည်သာမက အဆိုပါအမျိုးသမီးအား မုဒိမ်းမှုပါ ကျူးလွန်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ခိုးမှုနှင့် နာကျင်စေမှု အပါအ၀င် အခြားအမှု စုစုပေါင်းမှာ ဇန်န၀ါရီလအတွင်း ၁၄၄၁ မှု ဖြစ်ပွားခဲ့ပြီး လောင်းကစားမှု၊ ပြည့်တန်ဆာမှု၊ မူးယစ်ဆေးဝါးမှု အပါအ၀င် ကြိုတင်ကာကွယ်မှု စုစုပေါင်းမှာ ၄၀၄၄ မှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြားသော လုယက်မှုများမှာလည်း ဖြစ်ပွားလျက်ရှိခြင်းကြောင့် တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်ပြီး အများပြည်သူတို့က မေးခွန်းထုတ်လျက်ရှိကြောင်း သိရသည်။














Copy Protected by Chetan's WP-Copyprotect.