<

YBS ယာဉ်ပေါ်တွင် ခရီးသည်အမျိုးသမီးထံမှ ပိုက်ဆံအိတ်ကို နှိုက်ယူပြီး ၀ိုင်းဝန်းထိုးကြိတ်သည့် ခါးပိုက်နှိုက်အဖွဲ့အား ဖမ်းဆီးရမိ

တောင်ဒဂုံမြို့နယ်၌ YBS ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည် အမျိုးသမီးထံမှ ပိုက်ဆံအိတ်နှိုက်ယူပြီး ၀ိုင်းဝန်းထိုးကြိတ်သည့် ခါးပိုက်နှိုက်အဖွဲ့အား ဖမ်းဆီးရမိခဲ့ကြောင်း ဖေဖော်ဝါရီ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၇ ရက် မွန်းလွဲ ၁ နာရီခန့်က လှည်းကူးမြို့နယ် သနပ်ပြင်ကျေးရွာနေ မ…. သည် YBS အမှတ်(၁) ယာဉ်လိုင်းမှ ယာဉ်တစ်စီးဖြင့် ရန်ကုန်မြို့တွင်းဘက်သို့ စီးနင်းလိုက်ပါလာစဉ် တောင်ဒဂုံမြို့နယ် နတ်စင်မှတ်တိုင်အရောက်၌ ၎င်း၏ ပိုက်ဆံအိတ်ကို ယာဉ်ပေါ်ရှိ အမျိုးသားတစ်ဦးက နှိုက်ယူသွားသည်ကို တွေ့ရှိရသဖြင့် ယင်းပိုက်ဆံအိတ်ကို ပြန်ပေးရန် ပြောဆိုခဲ့ကြောင်း သိရသည်။

ယင်းသို့ပြောဆိုစဉ် အဆိုပါအမျိုးသားက မ…. ၏ ဦးခေါင်းကို လက်သီးဖြင့်ထုပြီး ဆဲဆိုကာ တံတွေးဖြင့်ထွေးခဲ့ကြောင်း၊ ၎င်းနှင့်အတူပါလာသည့် အခြားအမျိုးသား နှစ်ဦးကလည်း မ….အား ၀ိုင်းဝန်းဆဲဆိုပြီး လက်ကို လိမ်ချိုးခဲ့ကြောင်း သိရသည်။

ထိုသို့ ပြုလုပ်နေသဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦးက ၀င်ရောက်ဖျန်ဖြေစဉ် ယင်းအမျိုးသားကိုလည်း ၎င်းတို့က ဆဲဆိုပြီး တံတွေးဖြင့်ထွေးခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယာဉ်ပေါ်တွင် ထိုသို့ဖြစ်ပွားနေသဖြင့် ယာဉ်မောင်းဖြစ်သူက နီးစပ်ရာ တောင်ဒဂုံမြို့မရဲစခန်းသို့ ယာဉ်အားမောင်းသွားခဲ့ကြောင်း၊ ထို့နောက် ရဲတပ်ဖွဲ့မှ ကျူးလွန်သူများအား ဖမ်းဆီးစစ်ဆေးရာ ၎င်းတို့မှာ အရှေ့ဒဂုံမြို့နယ်နေ နေဖုန်းအောင်(ခ)ဟိန်းဇော်ဦး (၃၁နှစ်)၊ မြောက်ဥက္ကလာပမြို့နယ်နေ ထက်အောင်(၃၆နှစ်)နှင့် ဖြိုးဝေထွန်း(ခ) ဖြိုးကြီး (၂၃နှစ်) ဆိုသူတို့ဖြစ်ကြောင်း သိရသည်။

“ခါးပိုက်နှိုက်တာကို အမျိုးသမီးက မြင်သွားတော့ ဆဲဆိုပြီး အမျိုးသမီးကို ထိုးကြိတ်တယ်။ ပြီးတော့ တံတွေးနဲ့ထွေးတယ်လို့ သိရတယ်။ ဘေးက၀င်ပြောတဲ့ လူတစ်ယောက်ကိုလည်း တံတွေးနဲ့ထွေးတယ်လို့ သိရတယ်။ အခုသူတို့သုံးယောက်ကို စခန်းမှာ ဖမ်းဆီးထားပါတယ်။ ဒီနေ့ရမန်ယူတယ်” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ဖေဖော်ဝါရီ ၈ ရက်တွင် ပြောကြားသည်။

အဆိုပါဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူသုံးဦးကို တောင်ဒဂုံမြို့မရဲစခန်းက (ပ)၂၈၇/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၃၅၄/၂၉၄/၁၁၄ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။














Copy Protected by Chetan's WP-Copyprotect.