ရန်ကုန်ပြည်သူ့ ဆေးရုံကြီးဝင်းအတွင်း စည်းကမ်းမဲ့ရပ်နားထားသော ယာဉ်များကို ယာဉ်ထိန်းအဖွဲ့ အကူအညီဖြင့် စတင်အရေးယူ

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးဝင်းအတွင်း စည်းကမ်းမဲ့ရပ်နားထားသော ယာဉ်များကို ယာဉ်ထိန်းအဖွဲ့ အကူအညီဖြင့် စတင်အရေးယူ
Published 9 February 2018

ရန်ကုန်ဆေးရုံကြီးဝင်းအတွင်း ရပ်နားထားသည့် အငှားယာဉ်များကို ယာဉ်ထိန်းအဖွဲ့အကူအညီဖြင့် ဖေဖော်ဝါရီ ၇ ရက်က ဖယ်ရှားနေစဉ်

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးဝင်းအတွင်း စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်များနှင့် ရပ်နားခွင့်မရှိဘဲ ရပ်နားနေသော အငှားယာဉ်များကို ဖေဖော်ဝါရီ ၇ ရက်မှစ၍ ယာဉ်ထိန်းအဖွဲ့ အကူအညီဖြင့် စတင်အရေးယူလျက်ရှိကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။

ထို့ပြင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ အစားအသောက် အရောင်းဆိုင်များ၊ ထမင်းဆိုင်များနှင့် ကွမ်းယာဆေးလိပ် အရောင်းဆိုင်များ စသည့်ဆိုင်များကို တရားဝင် သတ်မှတ်ထားသည့် စားသောက်ဆိုင်တန်းများတွင်သာ ရောင်းချရန် ဆေးရုံကြီးအုပ်ချုပ်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အသိပေး ကြေညာခဲ့သည်။

ယင်းအသိပေး ကြေညာချက်တွင် ဆေးရုံကြီးဧရိယာအတွင်း တရားဝင် သတ်မှတ်ထားရှိသော စားသောက်ဆိုင်တန်းများတွင် သတ်မှတ်ချက်အတိုင်း ရောင်းချခြင်းကို ဆောင်ရွက်ရန်နှင့် အခြားမည်သည့်နေရာတွင်မှ ဈေးရောင်းချခြင်း၊ ကွမ်းယာဆေးလိပ် ရောင်းချခြင်း၊ အစားအသောက်များ ရောင်းချခြင်းမပြုရန်၊ ဆိုက္ကားဝင်ရောက်ခြင်း၊ လူနာအတင်အချမှလွဲ၍ အငှားယာဉ်များရပ်နားခြင်း မပြုရန် ဆေးရုံအုပ်ချုပ်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ထုတ်ပြန် ကြေညာထားကြောင်းနှင့် အသိပေးကြေညာမှုအား လိုက်နာဆောင်ရွက်ခြင်း မရှိပါက ရောင်းချသောပစ္စည်းနှင့် အသုံးအဆောင်များကို ဖျက်သိမ်းရန် သိမ်းဆည်းခြင်း၊ တရားဥပဒေအရ အရေးယူ ဆောင်ရွက်ခြင်းတို့ ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာထားသည်။

“ဆေးရုံဝင်းထဲမှာ ကွမ်းယာ၊ ဆေးလိပ်မရောင်းဖို့ ကျွန်မတို့ လှည့်ပတ်ကြည့်ရှုတဲ့အခါ အမြဲဖယ်ပါတယ်။ ခက်တာကလည်း အဲဒီလိုဈေးဆိုင်တွေက ရွေ့လျားဆိုင်လေးတွေဖြစ်တယ်။ ဖယ်လိုက်တယ်၊ အပြင် ရောက်သွားတယ်။ အပြင်မှာလည်း လစ်ရင် လစ်သလိုပြန်ဝင်တယ်။ အမြဲတမ်းလိုက်ပြီး ကွမ်းယာဆေးလိပ်မရောင်းဖို့ လိုက်ပြောနေဖို့ကလည်း လွယ်တာမဟုတ်ဘူး။ ပြောပြီးလည်း မလိုက်နာကြတာတွေလည်း ရှိတာပေါ့။ ဆေးရုံမှာ အစားအသောက် အရောင်းဆိုင်တွေအတွက် သီးသန့်စားသောက်ဆိုင်တန်းတွေ လုပ်ပေးထားတယ်။ ဒီလိုလုပ်ပေမယ့် မရောင်းကြဘူး။ ကားတွေလည်း ဒီလိုပဲ။ အငှားယာဉ်တွေဆေးရုံဝင်းအတွင်းမှာ မရပ်ရဘူး။ လူနာအတင်အချပြီးရင် ပြန်ထွက်ဖို့ ပြောထားတယ်။ ဒါပေမဲ့ မလုပ်ကြဘူး။ စည်းကမ်းမဲ့ရပ်တဲ့ကားတွေကိုလည်း အခုအရေးယူနေပါတယ်။ အခုက ပညာပေးကာလ ပြီးသွားပြီ။ ရောင်းချသူတွေက စည်းကမ်းထပ်ဖောက်လို့ရှိရင် အရေးယူမှုအပိုင်းကို ညှိနှိုင်းပြီး လုပ်တော့မှာပါ။ အခုပြုပြင်ဖို့ အချိန်ပေးထားတယ်။ စည်းကမ်းမလိုက်နာတဲ့အပေါ် မူတည်ပြီး အရေးယူမှုတွေ လုပ်သွားမှာပါ” ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာခင်သိင်္ဂီမြင့်က ပြောကြားသည်။

ဆေးရုံအုပ်ချုပ်ရေးအဖွဲ့က ဈေးဆိုင်တန်းတွင် ရောင်းချခွင့်ရရှိသည့် ဈေးသည်များ လိုက်နာရန် စည်းကမ်းချက် ၂၁ ချက် ထုတ်ပြန်ထားကြောင်းနှင့် စည်းကမ်းချက်များ ထုတ်ပြန်ထားသော်လည်း ဈေးရောင်းချသူများက လိုက်နာမှု အားနည်းလျက်ရှိသည်။

စည်းကမ်းချက် ၂၁ ချက်တွင် သတ်မှတ်ထားသော မိမိဆိုင်ခန်းနေရာတွင်သာ စနစ်တကျ ရောင်းချရမည်ဖြစ်ပြီး သတ်မှတ်ဆိုင်ခန်းနေရာမှအပ ဆေးရုံဝင်းအတွင်းနှင့် အပြင် အခြားနေရာများတွင် သွားရောက် ရောင်းချခြင်းမပြုရန်၊ ညအိပ်နေထိုင်ခွင့် လုံးဝခွင့်မပြု၊ အသင့်ချက်ပြုတ်ထားသော ဟင်းလျာများကိုသာ ရောင်းချရမည်ဖြစ်ပြီး ဈေးဆိုင်အတွင်းနှင့် ဆေးရုံဝင်းအတွင်း ချက်ပြုတ်ကြော်လှော် ရောင်းချခြင်းမပြုရန်၊ ဆိုင်ခန်းတစ်ခန်းလျှင် အမှိုက်ပုံးတစ်ပုံးစီ အနည်းဆုံးထားရှိပြီး အမှိုက်များကို သတ်မှတ်နေရာသို့ မိမိအစီအစဉ်ဖြင့် နေ့စဉ်စွန့်ပစ်ရန်၊ ဆိုင်ပတ်ဝန်းကျင်တွင် အညစ်အကြေးစွန့်ခြင်း လုံးဝမပြုလုပ်ရန်၊ ဆိုင်ခန်းများတွင် ကွမ်းယာ၊ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးများ ရောင်းချခြင်း လုံးဝမပြုလုပ်ရန် စသည့်အချက်များကို အသိပေးထားဖြစ်ကြောင်းနှင့် စည်းကမ်းချက်များ ဖောက်ဖျက်ကျူးလွန်ပါက ဈေးရောင်းချခွင့်ပိတ်သိမ်း၍ ဆိုင်ခန်းအား ပြန်လည်သိမ်းယူခြင်းခံရမည့်အပြင် တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။

Most Read

Most Recent