အိန္ဒိယ-မြန်မာနယ်စပ်ရှိ နန်းဖာလုံဈေး မီးလောင်ကျွမ်းမှုကြောင့် ကျပ်သိန်းပေါင်း ၁၇၀၀၀ ကျော် ဆုံးရှုံး

အိန္ဒိယ-မြန်မာနယ်စပ်ရှိ နန်းဖာလုံဈေး မီးလောင်ကျွမ်းမှုကြောင့် ကျပ်သိန်းပေါင်း ၁၇၀၀၀ ကျော် ဆုံးရှုံး
Published 9 February 2018

အိန္ဒိယ-မြန်မာနယ်စပ်ရှိ နန်းဖာလုံဈေး မီးလောင်ကျွမ်းမှုကို ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းအထိ မီးငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ-အောင်သူထွန်း)

အိန္ဒိယ-မြန်မာ နယ်စပ်ရှိ နန်းဖာလုံဈေးတွင် မီးလောင်ကျွမ်းမှုကြောင့် ကျပ်သိန်းပေါင်း ၁၇၀၀၀ ကျော်ဆုံးရှုံးခဲ့ပြီး အရောင်းအဝယ်များ ယာယီရပ်ဆိုင်းထားရကြောင်း သိရသည်။

မီးလောင်မှုမှာ ဖေဖော်ဝါရီ ၇ ရက် ည ၁၀ နာရီခန့်က လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၈ ရက် နံနက် ၂ နာရီခန့်မှသာ မီးထိန်းနိုင်ခဲ့ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦးက ဆိုသည်။

“ဖေဖော်ဝါရီ ၇ ရက် ည ၁၀ နာရီလောက်မှာ နန်းဖာလုံဈေး စလောင်ပြီး ၁၅ မိနစ်လောက်မှာ ဈေးကိုရောက်ပါတယ်။ အဲဒီအချိန်မှာတော့ မီးကလောင်နေပါပြီ။ နောက် ရက် နံနက် ၂ နာရီတော့ ပိုင်ပိုင်နိုင်နိုင် ငြှိမ်းသတ်နိုင်ပါပြီ။ ဆုံးရှုံးမှုကတော့ ပစ္စည်းနဲ့ အဆောက်အအုံတန်ဖိုးပေါင်းရင် သိန်း ၁၇၀၀၀ လောက်ရှိပါတယ်။ ဆုံးရှုံးမှုအတွက်ကတော့ ဈေးသည်တွေတော်တော်နစ်နာမှု ရှိပါတယ်။ ပြန်လည်ပြီး ထူထောင်နိုင်ဖို့အတွက် သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ဒါဆို ဒုတိယအကြိမ်ပါ။ ဒီဈေးက ၉၇-၉၈ လောက်က တစ်ကြိမ်လောင်ဖူးပါတယ်။ ဒါ့ကြောင့် ဈေးပြန်လည်တည်ဆောက်တဲ့အခါမှာ ဒီလိုမီးတွေ မလောင်နိုင်အောင် မီးသတ်ကား သွားလာနိုင်ဖို့ ဈေးပြန်လည်တည်ဆောက်တဲ့အခါမှာ အားလုံးနဲ့ ပြန်လည်ညှိနှိုင်းဆောင်ရွက်မှာပါ။ ဈေးကို ရက်ပိုင်းအတွင်း ပြန်လည်ဖွင့်ဖို့စီစဉ်နေပါတယ်။ ဈေးရုံကို တည်ဆောက်ဖို့လည်း ရှိသလို ဈေးရုံမတည်ဆောက်ခင်မှာ ယာယီဆိုင်ခန်းတွေ စီစဉ်ပေးမှာပါ”ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦးက ပြောကြားသည်။

မီးလောင်မှုအကြောင်းရင်းအား စုံစမ်း စစ်ဆေးလျက်ရှိပြီး ဈေးတည်ဆောက်မှု အနေအထားအရ မီးသတ်ယာဉ် ဝင်ထွက်သွားလာနိုင်ရန် အခက်အခဲရှိရာ မီးငြှိမ်းသတ်ရာတွင် များစွာအခက်တွေ့ခဲ့ကြောင်း၊ မီးလောင်မှုအား အိန္ဒိယနိုင်ငံဘက်မှ မီးသတ်ယာဉ်များလည်း လာရောက်ကူညီခဲ့ကြောင်း၊ မီးလောင်မှုတွင် မီးရှုးမီးပန်းများလည်း ပေါက်ကွဲခဲ့ရာ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း တမူးခရိုင် မီးသတ်တာဝန်ခံ ဦးအောင်သူရကျော်က ပြောကြားသည်။

“မီးရှုးမီးပန်းတွေ ဘာကြောင့် ပေါက်နေတယ်ဆိုတဲ့အကြောင်းရင်းကို စိစစ်ဖော် ထုတ်နေဆဲပေါ့။ အဆောက်အအုံနဲ့ အိမ်ပိုင်ရှင်ကိုတော့ သိထားပါတယ်။ သူတို့ကလည်း အဲဒီအိမ်မှာ လူမနေဘူးလို့ပြောပါတယ်။ မီးငြှိမ်းသတ်ရေးမှာ အဓိကအခက်အခဲရှိတာက ဈေးဖြစ်တဲ့အတွက် ဈေးရုံတွေထဲ မီးသတ်ကားတွေ ဖွင့်ရတော့ လုံခြုံရေးပိုင်းအားနည်း လျော့နည်းသလိုဖြစ်သွားတယ်။ ဘေးက မဆိုင်တဲ့သူတွေ ပါဝင်လာတော့ မီးသတ်ကားသွားဖို့ အဆင်မပြေတဲ့အနေအထားတွေ့ရပါတယ် ။ ဆိုင်ခန်းပိုင်ရှင်တွေကြတော့လည်း ပစ္စည်းတွေ ရွှေ့ပြောင်းကြတော့ ရပ်စောင့်နေရတာ တွေ့ရပါတယ်။ မီးသတ်ကားတစ်စီးစာသွားဖို့ မလွယ်တဲ့အနေအထားဆိုတော့ မီးသတ်ဖို့အတွက် ကြန့်ကြာမှုရှိခဲ့ပါတယ်။ ရေရရှိရေး စနစ်အနေနဲ့လည်း ဂါလံ ၁၀၀၀၀ ကျော်ဆန့်တဲ့ ရေကန်နှစ်ကန်ရှိတော့ မီးငြှိမ်းသတ်ရေးအတွက် အထောက်အကူဖြစ်ပါတယ်။ မီးငြှိမ်းသတ်ရေးမှာမြို့နယ်ခရိုင်အတွင်းရှိတဲ့ မီးသတ်ကား ၁၂ စီးနဲ့ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် မိုးရေးမြို့ဖက်က နှစ်စီးလည်း လာရောက်ကူညီ ငြှိမ်းသတ်ပေးပါတယ်။ ဈေးကနေ စလောင်တဲ့မီး မဟုတ်ပါဘူး”ဟု မီးသတ်တာဝန်ခံ ဦးအောင်သူရကျော်က ပြောကြားသည်။

မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့သည့် နန်းဖာလုံဈေးမှ ဆိုင်ခန်းအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်သူထွန်း)

မီးလောင်မှုမှာ ဗြောက်အိုးများသိုလှောင်ထားသည့် ဂိုဒေါင်နှင့် နေအိမ်မှ စတင်လောင် ကျွမ်းခြင်းဖြစ်သည်ဟု ယူဆရကြောင်း၊ မီးလောင်ရာတွင် ဗြောက်အိုးများကိုပါ လောင်ကျွမ်းခဲ့ခြင်းကြောင့် မီးလောင်မှု ပိုမိုများပြားခဲ့ခြင်းဖြစ်နိုင်ကြောင်း နန်းဖာလုံဈေးမှ လုံခြုံရေးမှူး ကိုဟန်ဝင်းကျော်က ပြောကြားသည်။

“ကျွန်တော်တို့က တစ်ဖက်နိုင်ငံအိန္ဒိယနဲ့နီးတယ်ဆိုတော့ ခါတိုင်းလည်း သေနတ်တွေ ပစ်နေကြပေါ့။ ပထမကြားတာက ဗြောက်အိုးသံ အဆက်မပြတ်ထွက်တဲ့ဟာ အဲဒါကို တစ်ဖက်နိုင်ငံ တိုက်ပွဲဖြစ်နေတယ်လို့ ယူဆပါတယ်။ အဲဒီလိုဖြစ်တိုင်း ကျွန်တော်တို့ နန်းဖာလုံ ခြံစည်းရိုးကို မီးရေးထင်းရေးအတွက် ပိုက်တွေ သွယ်တန်းနေတဲ့အချိန်မှာပဲ ဈေးထဲကနေပြီး မီးရှုးမီးပန်းတွေ ထောင်ထွက်နေတာပါ။ ဒါနဲ့ ဈေးထဲ မီးလောင်နေတာဆိုပြီး အိမ်ထဲ ဝင်ရောက်ခဲ့ပါတယ်။ ကျွန်တော်တို့ငြှိမ်းသတ်နေဆဲမှာ ဂိုထောင်ကနေပြီးတော့ ဗုံးကွဲသလို ဗြောက်အိုးတွေကွဲတာ နောက်ကနေ မီးလုံးတွေက လူနောက်လိုက်ခဲ့လို့ ကျွန်တော်တို့လည်း ထွက်ပြေးခဲ့ရပါတယ်။ နန်းဖာလုံဈေး တောင်ဖက် အစွန်ဆုံးထိ ရောက်သွားတယ်။ နန်းဖာလုံဈေးက အိမ်ဝင်းတွေနဲ့ရောနေတာ။ ခြံစည်းရိုးသီးသန့်မရှိဘူး။ နန်းဖာလုံအိမ်ဝင်းမှာရှိတဲ့ ဂိုထောင်အတွင်းဆုံးက စလောင်တာ။ ကျွန်တော်တို့သွားတဲ့အချိန်မှာ ဂိုဒေါင်နှစ်လုံးလောင်နေပြီ။ ဗြောက်အိုးတွေကွဲတော့ အဲဒီ ကနေ မွေ့ယာရောင်းတဲ့ ဂိုဒေါင်ကိုကူးပြီး ထပ်ကွဲတော့ လုံးဝမနိုင်သလို ဖြစ်သွားတယ်။ ကျွန်တော်တို့ ယူဆချက်ကတော့ဗြောက်အိုးဂိုဒေါင်စလောင်တယ်လို့ ထင်တယ်။ ကျွန်တော်တို့ စရောက်ချိန်မှာ ဂိုဒေါင်တစ်လုံးက ပေါက်ကွဲပြီး လောင်သွားပြီ။ နောက်ထပ် ပေါက်ကွဲပြီး ကျောခြင်းကပ်ရက် ဂိုဒေါင်ကို ကူးတာ။ အဲဒါကို ငြှိမ်းနေဆဲမှာပဲ ထပ်ကွဲတော့ မနိုင်တော့တာ”ဟု ၎င်းက ဆို သည်။

နန်းဖာလုံဈေးတွင် ဗြောက်အိုးများ သိုလှောင်ထားသည့် ဆိုင်များစွာရှိကြောင်း၊ ယခုကဲ့သို့ဖြစ်ပွားခြင်းကြောင့် နောက်ပိုင်းတွင် စိစစ်ကြပ်မတ်မှုများကို ဆောင်ရွက်သင့်ကြောင်း မီးလောင်မှုကြောင့် ကျပ်သိန်းနှစ်ရာခန့် ဆုံးရှုံးခဲ့သူ ဦးမောင်တာက ပြောကြားသည်။

“လူနေအိမ်တွေကနေ ဗြောက်အိုးတွေ ထားတယ်။ အဲဒီကနေ ကူးစက်တာပါ။ ဗြောက်အိုးရောင်းဝယ်ဖောက်ကားမှုကိုတော့ တားဆီးပိတ်ပင်မှုလုပ်သင့်ပါတယ်။ နောက်နောင် ဒါမျိုးမဖြစ်ဖို့ရာပေါ့။ ကျွန်တော့်ဆိုင်ခန်းလည်း ဒီအထဲမှာရှိနေပါတယ်။ ကျွန်တော်က ဈေးကော်မတီလည်းဖြစ်တော့ ဆိုင်ခန်းကိုပစ်ပြီး ဈေးရဲ့မီးဘေးအန္တရာယ်ကာကွယ်ဖို့ ရေရအောင် လုပ်ပေးနေတာပါ”ဟု နန်းဖာလုံဈေးတွင် နှစ်ပေါင်း ၂၀ ကျော်ဈေးရောင်းခဲ့သူ ဦးမောင်တာက ပြောကြားသည်။

နန်းဖာလုံဈေးမှာ အိန္ဒိယ- မြန်မာနယ်စပ်တွင် တည်ရှိကာ နှစ်နိုင်ငံကုန်သွယ်မှုတွင် အဓိကအရေးပါသည့်နေရာတစ်ခုဟု ဆိုနိုင်ကြောင်း၊ ထို့ကြောင့် ဈေးပြန်လည်ဖွင့်လှစ်နိုင်ရန် အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမြင့်နိုင်ဦးက ပြောကြားသည်။

“နန်းဖာလုံဈေးက အိန္ဒိယ-မြန်မာ ကုန်သွယ်မှုအကောင်းဆုံးနေရာလို့ ပြောလို့ရပါတယ်။ အခုအချိန်မှာ မီးလောင်လို့ ပိတ်ထားရတယ်ဆိုတော့ ယာယီထိခိုက်မှုတော့ ရှိပါတယ်။ ဈေးပြန်လည်ဖွင့်နိုင်အောင် ကြိုးစားမှာပါ။ မီးလောင်ပြီဆိုတော့ အမှတ် (၂) ဂိတ်ကနေသွားတဲ့ကုန်သွယ်မှုတော့ ရပ်ဆိုင်းနေပါတယ်။ ပြန်ဖွင့်လို့ရအောင် ကြိုးစားပါမယ်။ ဈေးတစ်ခြမ်းပြန်လည်ဖွင့်လို့ရပါပြီ။ လောင်သွားတဲ့ တစ်ခြမ်းကိုလည်း ယာယီပြန်ဖွင့်မှာပါ”ဟု ၎င်းက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် အိန္ဒိယ-မြန်မာ နယ်စပ်တွင် တည်ရှိသော နန်းဖာလုံဈေးသည် အိန္ဒိယနိုင်ငံအတွင်းရှိ ပြည်နယ်ခုနစ်ခုကို လူသုံးကုန်ပစ္စည်းများ အဓိကရောင်းချနေသောဈေးတစ်ခုဖြစ်ပြီး ၁၉၉၅-၁၉၉၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ကာ ၁၉၉၇ ခုနှစ်တွင် မီးတစ်ကြိမ်လောင်ကျွမ်းခဲ့ပြီး ယခုအကြိမ်လောင်ကျွမ်းမှုသည် ဒုတိယအကြိမ်ဖြစ်ကာ ဆိုင်ခန်း ၅၃ ခန်းနှင့် အိမ်ခုနစ်လုံး ဆုံးရှုံးခဲ့သည်။

Most Read

Most Recent