ရတနာပုံခေတ်လက်ရာ ရွှေနန်းတော်ကျောင်းပြုပြင်ထိန်းသိမ်းမှု ရာခိုင်နှုန်း ၅၀ ကျော်ပြီးစီးပြီဖြစ်ကာ ကျန်ရှိအစိတ်အပိုင်းအချို့ပြုပြင်ရန် ရှေးဟောင်းသုတေသနဌာန၏ ခွင့်ပြုချက်စောင့်ဆိုင်းနေ

ရတနာပုံခေတ်လက်ရာ ရွှေနန်းတော်ကျောင်းပြုပြင်ထိန်းသိမ်းမှု ရာခိုင်နှုန်း ၅၀ ကျော်ပြီးစီးပြီဖြစ်ကာ ကျန်ရှိအစိတ်အပိုင်းအချို့ပြုပြင်ရန် ရှေးဟောင်းသုတေသနဌာန၏ ခွင့်ပြုချက်စောင့်ဆိုင်းနေ
Published 8 February 2018

ရွှေနန်းတော်ကျောင်းသို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့လာနေစဉ်

မန္တလေးမြို့ရှိ ရတနာပုံ ခေတ်နှောင်းပိုင်းလက်ရာတစ်ခုဖြစ်သည့် ရွှေနန်းတော်ကျောင်းအား မူလလက်ရာမပျက် ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်လျက်ရှိပြီး အောက်ခြေကြမ်းခင်းနှင့် ဘေးဝရန်တာများကို အရည်အသွေးမီ ကျွန်းသစ်များဖြင့် မူလလက်ရာအတိုင်း အစားထိုးပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်ကာ လက်ရှိပြုပြင်ထိန်းသိမ်ခြင်းလုပ်ငန်းများ ပြီးစီးမှုမှာ ရာခိုင်နှုန်း ၅၀ ကျော်ရှိပြီဖြစ်ကြောင်းနှင့် အဆောက်အအုံ၏အစိတ်အပိုင်းအချို့ကို ပြုပြင်ထိန်းသိမ်းခွင့်ရရှိရန်အတွက် ရှေး ဟောင်းသုတေသနဦးစီးဌာန၏ ခွင့်ပြုချက်ကျပါက စတင်သွားမည်ဖြစ်ကြောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများလုပ်ဆောင်နေသည့် အမေရိကန်နိုင်ငံအခြေစိုက် World Monuments Fund (ကမ္ဘာ့အဆောက်အအုံများ ရန်ပုံငွေအဖွဲ့) ထံမှ သိရသည်။

မန္တလေးမြို့ရှိ ရွှေနန်းတော်ကျောင်းအား နိုင်ငံတကာအဆင့်မီပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ရန်အတွက် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အမေရိကန်အစိုးရက ၂၀၁၃ ခုနှစ်တွင် ကမ်းလှမ်းမှုများပြုလုပ်ခဲ့သည်။ ယင်း နောက် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီမှစတင်ကာ အမေရိကန်နိုင်ငံအခြေစိုက် World Monuments Fund (ကမ္ဘာ့အဆောက်အအုံများရန်ပုံငွေအဖွဲ့) မှ ရွှေနန်းတော်ကျောင်း၏ ပျက်စီးနေမှုအစိတ်အပိုင်းများအား 3D Laser Scanner ပုံရိပ်ဖမ်းစက်များဖြင့် အသေးစိတ် မှတ်တမ်းများရယူခြင်း၊ သစ်သားဆွေးမြည့်မှုများလေ့လာခြင်း၊ ကျောင်းအတွင်းရေစီးရေလာ စနစ်များလေ့လာခြင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များရယူခြင်း အစရှိသည့် နည်းလမ်းမျိုးစုံဖြင့် လေ့လာမှတ်တမ်းရယူမှုများနှင့် ကျောင်းဆောင်အနောက်ဘက်ရှိ ပျက်စီးမှုများဖြစ်ပေါ်နေသည့် အောက်ခြေကြမ်းခင်းများနှင့် ဘေးဝရန်တာများကို အစားထိုးလဲလှယ်ခြင်းအစရှိသည့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို သုံးနှစ်ကျော် အချိန်ယူပြုလုပ်ခဲ့သည်။ လက်ရှိအချိန်တွင် ကျောင်းဆောင်အောက်ခြေတိုင်၌ တပ်ဆင်ထားသည့် နယားအရုပ်များကို ပြုပြင်ထိန်းသိမ်းခြင်းများ လုပ်ဆောင်လျက်ရှိပြီး ရှေးဟောင်း သုတေသနဌာန၏ခွင့်ပြုချက်ကျပါက အရှေ့၊ မြောက်ဘက်နှင့် တောင်ဘက်တို့ရှိ အောက်ခြေကြမ်းခင်းများနှင့် ဘေးဝရန်တာများအား မူလလက်ရာမပျက် အရည်အသွေးမီ ကျွန်းသစ်များဖြင့် အစားထိုးပြုပြင် လဲလှယ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ရွှေနန်းတော်ကျောင်းရဲ့ နယားအရုပ်တွေနဲ့ ကျောင်းဆောင်ရဲ့ သစ်သားအစိတ်အပိုင်းအချို့ကို ပြုပြင်နေတယ်။ ပြုပြင်ပြီးသွားရင် နယားအရုပ်တွေကို သူ့ရဲ့မူလလက်ရာအတိုင်း မူလနေရာကို ပြန်ထားသွားမယ်။ ရွှေ နန်းတော်ကျောင်းပြုပြင်ထိန်းသိမ်းမှုရာခိုင်နှုန်းက ရာခိုင်နှုန်း ၅၀ ကျော်ပြီးစီးနေပါပြီ။ ကျောင်းဆောင်ရဲ့ အရှေ့၊ မြောက်ဘက်နဲ့ တောင်ဘက်တို့က အောက်ခြေကြမ်းခင်းတွေ နဲ့ ဘေးဝရန်တာတွေကို အရည်အသွေးမီတဲ့ ကျွန်းသစ်နဲ့ အစားထိုးပြုပြင်လဲလှယ်သွားဖို့ ရှေးဟောင်းသုတေသနဌာနကို ခွင့်ပြုချက်တင်ထားတယ်။ ခွင့်ပြုချက်ရတာနဲ့ စတင်နိုင်ဖို့ ပြင်ဆင်ထားပါတယ်။ ကျွန်တော်တို့ လုပ်ငန်းအတွေ့အကြုံတွေအရ ပြောရမယ်ဆိုရင် ဥရောပမှာ ဒီလိုအဆောက်အအုံတွေ ပြုပြင် ထိန်းသိမ်းမယ်ဆိုရင် အချိန်ကာလက ငါးနှစ်လောက် သတ်မှတ်ထားတယ်ဆိုရင် သတ်မှတ်ချက်အတိုင်း ပြီးစီးအောင်လုပ်နိုင်ပါတယ်။ သည်မှာ (မြန်မာနိုင်ငံ) က အချိန်ကာလ သတ်မှတ်ချက်က ပြောရခက်ခဲပါတယ်။ ဘာကြောင့်ဆို အခုလို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အလုပ်လုပ်ဆောင်တဲ့အတွေ့အကြုံ အားနည်းချက်တွေရှိတော့ လုပ်ငန်းလုပ်ဆောင်ရတာ အားနည်းချက်လေးတွေရှိပါတယ်။ ဒါကြောင့် သက်ဆိုင်ရာခွင့်ပြုချက်ရ တာနဲ့ ကျန်ရှိနေတဲ့ အဆောက်အအုံပိုင်းတွေကို ပြုပြင်ထိန်းသိမ်းမှုတွေ စတင်သွားမှာပါ” ဟု World Monuments Fund ၏ Program Director Mr. Jeffery Allen က ပြောကြားသည်။

ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းရေး စီမံကိန်းအတွက် အမေရိကန်အစိုးရမှ ကနဦးကူညီထောက်ပံ့ငွေ ဒေါ်လာ ငါးသိန်း ထောက်ပံ့ခဲ့ပြီးနောက် စီမံကိန်းအကောင်အထည်ဖော်နေစဉ်အတွင်း ဘတ်ဂျက်ငွေအခက်အခဲကြောင့် စီမံကိန်းကို ခေတ္တရပ်နားထားခဲ့ရကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဒုတိယပိုင်းစီမံကိန်းအတွက် အမေရိကန်အစိုးရက ဒေါ်လာ သုံးသိန်း ထောက်ပံ့ပေးထားကြောင်း WMF က ထုတ်ပြန်ထားသည်။ ရွှေနန်းတော်ကျောင်း၏ ပျက်စီးယိုယွင်းမှုများ၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် စီမံကိန်းတစ်ခုလုံးအတွက် စုစုပေါင်းကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၁၅ သိန်းခန့် ကုန်ကျနိုင်မည်ဖြစ်ကြောင်း WMF ထံမှ သိရသည်။

Most Read

Most Recent