“မင်းတို့ ထမင်းဝအောင် စားထား” စာသားပါသည့် အင်္ကျီဝတ်ဆင်သူ အပါအဝင် တရားရုံးချိန်းသို့ လာရောက်သူ လေးဦးအား ပုဒ်မ ၅၀၅ (ခ) နှင့် ပုဒ်မ ၁၈၉ တို့ဖြင့် အမှုဖွင့်ပြီး ဖမ်းဝရမ်းထုတ်

“မင်းတို့ ထမင်းဝအောင် စားထား” စာသားပါသည့် အင်္ကျီဝတ်ဆင်သူ အပါအဝင် တရားရုံးချိန်းသို့ လာရောက်သူ လေးဦးအား ပုဒ်မ ၅၀၅ (ခ) နှင့် ပုဒ်မ ၁၈၉ တို့ဖြင့် အမှုဖွင့်ပြီး ဖမ်းဝရမ်းထုတ်
Published 8 February 2018

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရသည့်အမှုကို စစ်ဆေးနေသည့် ရုံးချိန်းသို့ “မင်းတို့ ထမင်းဝအောင် စားထား” စာသားပါသည့် အင်္ကျီဝတ်ဆင်သူ အပါအဝင် လာရောက်သူ လေးဦးအား အများပြည်သူကို ထိတ်လန့်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)၊ ပြည်သူ့ဝန်ထမ်းအား နစ်နာစေရန် ခြိမ်းခြောက်မှု ရာဇသတ်ကြီးပုဒ်မ ၁၈၉ တို့ဖြင့် ဖေဖော်ဝါရီ ၇ ရက်တွင် အင်းစိန်မြို့နယ်တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း ရန်ကုန်မြို့ ရှေ့နေအသိုင်းအဝိုင်းမှ ရှေ့နေတစ်ဦး၏ ပြောကြားမှုအရ သိရသည်။

မြောက်ပိုင်းခရိုင် တရားရုံး၌ ဖေဖော်ဝါရီ ၂ ရက်တွင် ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ စစ်ဆေးခဲ့သည့် တရားရုံးချိန်းသို့ “မင်းတို့ ထမင်းဝအောင် စားထား” စာသားပါ အင်္ကျီဝတ်ဆင်သူ အပါအဝင် လာရောက်ခဲ့သူ လေးဦးအား အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ၎င်းတို့ လေးဦးသည် တရားခွင်သို့ လာရောက်၍ ခြိမ်းခြောက်ခဲ့သဖြင့် အရေးယူပေးရန်အတွက် တရားလိုပြုလုပ်၍ အင်းစိန်မြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားကာ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

“ဟုတ်ပါတယ်။ ဒီနေ့ပဲ ထမင်းဝအောင် စားထား အင်္ကျီဝတ်လာတဲ့သူ လေးယောက်ကို အင်းစိန်ထွေအုပ်က မြို့နယ်တရားရုံးကို ဦးတိုက်လျှောက်လို့ ဖမ်းဝရမ်း ထုတ်လိုက်တာပါ။ ပုဒ်မက နှစ်ခုနဲ့ပါ။ တစ်ခုက ၅၀၅ (ခ)၊ တစ်ခုကတော့ ၁၈၉ လို့ ကြားပါတယ်” ဟု ရန်ကုန်မြို့ ရှေ့နေအသိုင်းအဝိုင်းမှ ရှေ့နေတစ်ဦး က ပြောကြားသည်။

အဆိုပါ အမှုဖွင့် တိုင်ကြားခြင်းခံရသူ လေးဦးတို့အား အင်းစိန်မြို့နယ် တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့ပြီး ၎င်းတို့အား ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေလျက်ရှိကြောင်း မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

“မင်းတို့ ထမင်းဝအောင် စားထား” စာသားပါ အင်္ကျီဝတ်ဆင်ပြီး ဖေဖော်ဝါရီ ၂ ရက်တွင် ပြုလုပ်ခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်သော တရားရုံးချိန်းသို့ လာရောက်ခဲ့သူများ၏ လုပ်ရပ်သည် တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်စွာ တရားစီရင်ရေးနှင့် အမှန်တရား ပျောက်ကွယ်ပြီး အမှုမှန်လမ်းကြောင်းလွဲကာ ပဋိပက္ခ အသွင်ကူးပြောင်းစေသဖြင့် ကန့်ကွက်ကြောင်း နှင့် ၎င်းတို့အား အရေးယူပေးရန် ရှေ့နေအသင်း ခြောက်သင်းက ဖေဖော်ဝါရီ ၄ ရက်တွင် ရန်ကုန်ရှေ့နေများအသင်း ရုံးခန်း၌ သတင်းစာရှင်းလင်းပွဲပြုလုပ်၍ တောင်းဆိုခဲ့ကြောင်း သိရသည်။

ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနှင့် အောင်ဝင်းထွန်းတို့အား ဖေဖော်ဝါရီ ၂ ရက် တွင် မြောက်ပိုင်းခရိုင် တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ပြီး ယင်းတရားရုံးချိန်းသို့ “မင်းတို့ ထမင်းဝအောင် စားထား” စာသားပါသည့် အင်္ကျီဝတ်ဆင်သူ အပါအဝင် လေးဦး လာရောက်ခဲ့ကာ အခြားသော သူများအားလည်း ဝေငှပေးခဲ့ပြီး အင်္ကျီစာသား၏ အဓိပ္ပာယ်မှာ ပြည်သူများကို ထမင်း၀၀ စားစေချင်သည့်ဆန္ဒဖြစ်ကြောင်းနှင့် အခြားသော ရည်ရွယ်ချက်မရှိကြောင်း ၎င်းတို့က မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားထားသည်။

Most Read

Most Recent