အိန္ဒိယ - မြန်မာ နယ်စပ် နန်းဖာလုံဈေး မီးလောင်မှု ဖြစ်ပွား

အိန္ဒိယ - မြန်မာ နယ်စပ် နန်းဖာလုံဈေး မီးလောင်မှု ဖြစ်ပွား
Published 8 February 2018

အိန္ဒိယ-မြန်မာ နယ်စပ်ရှိ နန်းဖာလုံဈေး မီးလောင်မှုအား ငြှိမ်းသတ်နေသည်ကို တွေ့ရစဉ်

အိန္ဒိယ-မြန်မာ နယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် နန်းဖာလုံဈေးတွင် ဖေဖော်ဝါရီ ၇ ရက် ည ၁၀ နာရီခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

“မီးလောင်တာတော့ ဟုတ်ပါတယ်။ မီးက တော်တော်များတယ် ။ အကြီးအကျယ်ပဲ မီးက မနိုင်ဘူး ဖြစ်နေတယ်။ မီးက ၉ နာရီခွဲ၊ ၁၀ နာရီဝန်းကျင်လောက်က စလောင်တာ ပြောတယ်။ ဘယ်က စလောင်တယ် မသိရသေးဘူး။ ကျွန်တော်တို့ ရောက်တဲ့အချိန်က မီးတော်တော်ကြီးနေတယ်။ မီးသတ်ကားတွေတောင် နောက်ဆုတ်ပြေးနေရတယ်။ နန်းဖာလုံရဲ့ ဘယ်ဘက်အခြမ်းတော့ ကုန်သွားပြီ။ (နေဦးစတိုးဘက် ) ညာဘက်မကူးအောင် လုပ်နေပါတယ်။ ဗြောက်တွေလည်း ရှိနေတယ်။ မီးတောက်ကလည်း တော်တော်လေး ကြီးနေတယ်။ မီးသတ်ကားတွေတော့ အကုန်ရှိတာပဲ။ မီးသတ်ကားတွေကို မနိုင်တဲ့ မီးတောက်မျိုး ဖြစ်နေတယ်။ မီးလောင်တာ ကြာပါပြီ။ မီးတောက်က ပိုပိုကြီးလာတာ”ဟု တမူး မြို့ NLD ပါတီ ဥက္ကဋ္ဌ ဦးမြင့်ဇော်က ည ၁၀ နာရီ ၄၅ မိနစ်ခန့်က ပြောကြားသည်။

အဆိုပါ နန်းဖာလုံဈေးသည် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်အတွင်း တည်ရှိပြီး အိန္ဒိယ - မြန်မာနယ်စပ် အပေါက်ဝတွင် တည်ရှိသောဈေးဖြစ်ကာ ဆိုင်ခန်းပေါင်း ထောင်ချီရှိပြီး လူသုံးကုန်ပစ္စည်း၊ လယ်ယာထွက်ကုန်နှင့် အိန္ဒိယနိုင်ငံ နယ်စပ်ရှိ ပြည်နယ် ခုနစ်ခုမှ ဈေးဝယ်များကို အဓိက ရောင်းချသော ဈေးတစ်ဈေးဖြစ်သည်။

တမူးမြို့ နန်းဖာလုံဈေး မီးလောင်မှု ဖြစ်ပွားသည့်နေရာတွင် ရောက်ရှိနေသော ဒေသခံ ကိုပေါက်ပြားကို ည ၁၂ နာရီခန့်က ဆက်သွယ်မေးမြန်းခဲ့ရာ “၉၀ ရာခိုင်နှုန်းတော့ ငြိမ်းသွားပါပြီ ။ မီးညွန့်တော့ ကျိုးသွားပြီ။ ဒါပေမဲ့ လောင်တဲ့နေရာတော့ ရှိသေးတယ်။ မီးကို ထိန်းနိုင်ပြီလို့ ပြောနိုင်ပါတယ်။ ဆုံးရှုံးမှုများတာက မွှေ့ယာ၊ ဖိနပ်၊ စားသောက်ကုန်တန်း၊ လျှပ်စစ်ပစ္စည်းတန်းတွေ။ ဈေးနားက အိမ်တွေ ပါသွားတယ်။ အိန္ဒိယဘက်ကတော့ မီး လာသတ်ပေးတယ်လို့တော့ ပြောတယ်”ဟု ပြောကြားသည်။

Most Read

Most Recent