ဆန်စပါးကဏ္ဍအတွက် SME ချေးငွေကျပ် ၆၅ ဘီလျံကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ချေးမှုလျှောက်ထားရာတွင် ဆန်စပါးသိုလှောင်ရုံနှင့် အခြောက်ခံစက်များ တည်ဆောက်ခြင်းအတွက် လျှောက်ထားမှုများနေ

ဆန်စပါးကဏ္ဍအတွက် SME ချေးငွေကျပ် ၆၅ ဘီလျံကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ချေးမှုလျှောက်ထားရာတွင် ဆန်စပါးသိုလှောင်ရုံနှင့် အခြောက်ခံစက်များ တည်ဆောက်ခြင်းအတွက် လျှောက်ထားမှုများနေ
Published 8 February 2018

ဆန်စပါးကဏ္ဍမှ စီမံကိန်းရှစ်ခုအတွက် SME လုပ်ငန်းချေးငွေ ကျပ် ၆၅ ဘီလျံကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ချေးရာတွင် ချေးငွေကဏ္ဍအတွက် ဆန်စပါးသိုလှောင်ရုံနှင့် ဆန်စပါးအခြောက်ခံစက်များ တည်ဆောက်ခြင်းအတွက် ချေးငွေလျှောက်ထားမှု ယခုချိန်တွင်များနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးစိုင်းကျော်က ပြောကြားသည်။

“အခုပြီးခဲ့သည် ၃၀ ရက်မှာ အစည်းအဝေးလုပ်တယ်။ အဲဒီအစည်းအဝေးမှာ လူပေါင်း ၂၀ လောက်တော့ SME လျှောက်ထားပြီးတာဖြစ်တယ်။ အများဆုံးကတော့ ဆန်စပါး ဆန်စက်၊ အခြောက်ခံစက်တို့ အဲဒီလိုမျိုး ပုဂ္ဂိုလ်တွေက တစ်ဦးချင်းလာလျှောက်ကြတာ များပါတယ်။ အများဆုံးသိန်း ၅၀၀၀ သိန်း ၃၀၀၀ တို့ပါကြတယ်။ လာလျှောက်သူတွေအတွက်ကိုလည်း ကော်မတီအနေနဲ့ တစ်ရက်အစည်အဝေးခေါ်ပြီး ဒါတွေအတွက် စိစစ်ဆောင်ရွက်ဖို့ရှိပါတယ်” ဟု ဦးစိုင်းကျော်က ပြောကြားသည်။

၂၀၁၈-၂၀၂၀ ကာလတိုသုံးနှစ်အတွင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဦးစားပေးရွေးချယ်ဆောင်ရွက်မည့် SME လုပ်ငန်းများနှင့် လျာထားသည့် ချေးငွေလိုအပ်မှုမှာ ဆန်စပါးမျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်းအတွက် ကျပ်သိန်း ၆၂၀၀၀၊ ဆန်စပါးသိုလှောင်အခြောက်ခံစက်များ တည်ဆောက်ခြင်းအတွက် သိန်း ၁၂၈၀၀၀၊ ပြည်ပတင်ပို့ရောင်းချသူ SME Exporter များအတွက် လုပ်ငန်းသုံးချေးငွေ သိန်း ၅၂၀၀၀၊ တောင်သူများအစုအဖွဲ့ပြီး အကျိုးတူစုပေါင်း စိုက်ပျိုးထုတ်လုပ်သည့်ဇုန်များ ဖော်ဆောင်မှုလုပ်ငန်းများအတွက် ကျပ်သိန်း ၅၄၀၀၀၊ ခေတ်မီ ဆန်စက်ယူနစ်များတပ်ဆင်ရေး ဆန်စက်အဆင့်မြှင့်တင်ရေးနှင့် ဆန်စက်လုပ်ငန်းဖွံ့ဖြိုးရေးအတွက် ချေးငွေကျပ်သိန်း ၁၁၂၅၀၀၊ ဖွဲနုဆီစက်များ၊ ဆန်ခေါက်ဆွဲဆန် ကြာဆန်စက်ရုံများ၊ ဆန်မှုန့်စက်ရုံများ၊ တိရစ္ဆာန်အစာစက်ရုံနှင့် စပါးခွံလောင်စာတောင့်စက်ရုံများ တည်ဆောက်ခြင်းအတွက် သိန်း ၇၂၀၀၀၊ ဘွိုင်လာ-တာဘိုင်စနစ်ဖြင့် စပါးခွံမှ လျှပ်စစ်ထုတ်စက်ရုံများ (2-3 MGW Installed Capacity) တည်ဆောက်ခြင်းအတွက် ကျပ်သိန်း ၁၂၀၀၀၀ နှင့် Contingecy & Reserve အတွက် ကျပ်သိန်း ၅၀၀၀၀ ဖြစ်ကြောင်း အဆိုပါစီမံကိန်းများတွင် SME, SME Clister အရေအတွက်မှာ ၄၄၀ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနဲ့ SME များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ချေးငွေရရှိရေး၊ နိုင်ငံတော်အစိုးရစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပြီး ပို့ကုန်တိုးမြှင့်ရေးနှင့် သွင်းကုန်လျှော့ချ အစားထိုးရေးကိုလည်းကောင်း၊ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်မှုကို လည်းကောင်း၊ အခြေခံပြီးဦးစားပေးလုပ်ငန်းများအား စနစ်တကျရွေးချယ်ကာ စီမံဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

Most Read

Most Recent