ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ထုတ်လုပ်ရေးဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဒီဇင်ဘာအထိ အမြတ်ငွေ ကျပ်သန်းတစ်သောင်းကျော် ရရှိထားဟုဆို

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ထုတ်လုပ်ရေးဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဒီဇင်ဘာအထိ အမြတ်ငွေ ကျပ်သန်းတစ်သောင်းကျော် ရရှိထားဟုဆို
Published 8 February 2018

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ထုတ်လုပ်ရေးဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဒီဇင်ဘာအထိ အမြတ်ငွေ ကျပ်သန်းပေါင်း တစ်သောင်းကျော် ရရှိထားကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဖေဖော်ဝါရီ ၇ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (တတိယနေ့) တွင် ပြောကြားသည်။

ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ထုတ်လုပ်ရေးဌာနတွင် စိုက်ပျိုးရေးစခန်း မည်မျှရှိပါသလဲ၊ မည်သည့် သား၊ ငါးများကို အရေအတွက်မည်မျှ မွေးမြူထုတ်လုပ်နေပါသလဲ၊ နှစ်အလိုက် အောင်မြင်တိုးတက်မှုရှိ မရှိ၊ စီးပွားရေးအရ တွက်ခြေကိုက်မှုရှိ မရှိ သိရှိလိုကြောင်း မေးခွန်းအား ဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားရာတွင် ပြောကြားခြင်းဖြစ်သည်။

“ထုတ်လုပ်ရေးဌာနက စခန်းများနှင့် စက်ရုံများအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ၁၂/၂၀၁၇ လကုန်အထိ စုစုပေါင်း မတည်ရင်းနှီးငွေ ကျပ်သန်းပေါင်း ၈၉၉၂၃ ဒသမ ၁၈ သန်းထုတ်ယူသုံးစွဲခဲ့ပြီး ပြန်လည်ပေးသွင်းသည့်ငွေမှာ ကျပ်သန်းပေါင်း ၆၈၅၂၁ ဒသမ ၂၂၉ သန်း၊ ၇၆ ဒသမ ၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။ မတည်ငွေပေးသွင်းရန် ကျန်ငွေအနေနဲ့ ကျပ်သန်းပေါင်း ၂၁၄၀၂ ဒသမ ၀၅၁ သန်းဖြစ်ပေမယ့် စခန်း၊ စက်ရုံအသီးသီးမှာရှိတဲ့ အဆောက်အအုံ၊ ရန်ပုံငွေ၊ တံတားနဲ့ စက်ပစ္စည်းတွေဖြစ်တဲ့ တန်ဖိုးက ကျပ်သန်းပေါင်း ၃၃၃၉၉ ဒသမ ၂၆၀ သန်းနှင့် ကုန်လက်ကျန်တန်ဖိုးငွေ ကျပ်သန်းပေါင်း ၄၅၆ ဒသမ ၀၇၂ သန်းဖြစ်တာကြောင့် ပေးသွင်းရန်ကျန်ငွေထက် ကျပ်သန်းပေါင်း ၁၂၄၅၃ ဒသမ ၂၈ သန်း ပိုငွေဖြစ်ပြီး စီးပွားရေးအရ တွက်ခြေကိုက်တာကို တွေ့ရှိရပါတယ်။ ယခုအခါ မတည်ထုတ်ယူငွေဆောင်ရွက်နေတဲ့ ထောက်ကြန့်စခန်းမှာ ကြက်မွေးမြူရေးလုပ်ငန်းကို မြို့တော်ဖွံ့ဖြိုးလာခြင်း၊ လူနေရပ်ကွက်တွေနဲ့ နီးကပ်လာခြင်းကြောင့် ၁၂/၂၀၁၇ မှာ လုပ်ငန်းရပ်ဆိုင်းခဲ့ပြီးတော့ စိုက်ပျိုးမွေးမြူရေးစခန်းအားလုံးနဲ့ ဘိလပ်မြေစက်ရုံတို့မှာ ရင်းနှီးစိုက်ထူမတည်ငွေ ဆောင်ရွက်စရာမရှိတော့ဘဲနဲ့ အုတ်စက်ရုံတစ်ခုတည်းကိုသာ မတည်ငွေရင်းနှီးထုတ်ယူပြီးတော့ လုပ်ငန်းဆောင်ရွက်နေပါတယ်။ လုပ်ငန်းရပ်နားခဲ့တဲ့ ထောက်ကြန့်စခန်းနေရာကိုလည်း ပြည်တွင်းပြည်ပလုပ်ငန်းရှင်တွေနဲ့ သင့်လျော်တဲ့လုပ်ငန်းကို အကျိုးတူပူးပေါင်းဆောင်ရွက်ရေးအတွက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ စခန်းနဲ့စက်ရုံက နှစ်စဉ်ငှားရမ်းခရရှိတဲ့ငွေတွေကတော့ ကျပ်သန်းပေါင်း ၂၂၄၄ ဒသမ ၄၃၃ သန်းဖြစ်ပါတယ်” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

ထို့ပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အရ လယ်ယာစီးပွားကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေး၊ ကြက်ဥကဏ္ဍများကို ဖွံ့ဖြိုးတိုးတက်လာစေရန် ဖေဖော်ဝါရီ ၂၈ ရက် ၁၉၉၉ ခုနှစ်မှစ၍ ထုတ်လုပ်ရေးလုပ်ငန်းစုအဖြစ် စတင်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ထုတ်လုပ်ရေးကဏ္ဍအဖြစ် တိုးချဲ့ခဲ့ကြောင်း၊ ဈေးနှုန်းချိုသာစွာဖြင့် ဆန်စပါး၊ ငါး၊ ကြက်ဥ၊ ကြက်သား၊ ဝက်သား၊ ဟင်းသီးဟင်းရွက်များကို ဝယ်ယူစားသုံးနိုင်ရန် စိုက်ပျိုးမွေးမြူရေးစခန်းများကို တည်ဆောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် ဘိလပ်မြေစက်ရုံနှင့် အုတ်စက်ရုံကို တည်ဆောက်ပြီး ဘိလပ်မြေနှင့် အုတ်ထုတ်လုပ်ခြင်း လုပ်ငန်းများကိုလည်း ဌာနရှိအရာထမ်း၊ အမှုထမ်းများ အနီးကပ်ကြီးကြပ်ဆောင်ရွက်နေကြောင်း၊ ထုတ်လုပ်ရေးဌာနတွင် စိုက်ပျိုး၊ မွေးမြူရေးစခန်း ၁၂ ခုနှင့် စက်ရုံနှစ်ခုရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးစခန်းကို ၁၉၉၈-၁၉၉၉ ဘဏ္ဍာနှစ်တွင် စတင်၍ ၂၀၀၀-၂၀၀၁ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာတွင် နှစ်စဉ် မိုးစပါး၊ နွေစပါးဧက ၄၀၀၀ ကျော်နှင့် ဆောင်းသီးနှံဧက ၁၀၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ မွေးမြူရေးလုပ်ငန်းများအနက် ငါးမွေးမြူရေးကန်များကို ဧက ၃၀၀၀ ကျော်နှင့် ရေငံပုစွန်မွေးမြူရေးကန် ဧက ၂၅၀ ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဥစားကြက်ကောင်ရေ ၉၀၀၀၀ ခန့်နှင့် အသားထိုးကြက်ကောင်ရေ တစ်သိန်းကျော်မွေးမြူခဲ့ပြီး ငါး၊ ပုစွန်နှင့် ကြက်ဥ၊ ကြက်သားများကို ထုတ်လုပ်ဖြန့်ဖြူးနိုင်ခဲ့ကြောင်း မြို့တော်ဝန်က ဆက်လက်ပြောကြားသည်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ၂၀၀၆-၂၀၀၇ ဘဏ္ဍာနှစ်မှစ၍ ကိုယ်တိုင်စိုက်ပျိုးမွေးမြူခြင်း မပြုလုပ်တော့ဘဲ စိုက်ပျိုးရေးလုပ်ငန်းများကို ဒေသခံတောင်သူများနှင့် အကျိုးတူပူးပေါင်းပြီး ငါး၊ ပုစွန်မွေးမြူခြင်းများကို အမှန်တကယ် လုပ်ငန်းဆောင်ရွက်နိုင်သည့် လုပ်ငန်းရှင်များအား အငှားချထားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ဌာနအနေဖြင့် ဥစားကြက်မွေးမြူရေး လုပ်ငန်းတစ်ခုကိုသာ နှစ်စဉ်ကောင်ရေ ၃၀၀၀၀ ခန့်သာ မွေးမြူခဲ့ကြောင်း၊ နေ့စဉ် တန် ၅၀၀ ထွက် ဘိလပ်မြေစက်ရုံကိုလည်း ၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်မှစတင်ကာ မန္တလေးသာစည်မြို့နယ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် စတင်လည်ပတ်ပြီး ဘိလပ်မြေများကို ထုတ်လုပ်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် နိုင်ငံသားပုဂ္ဂလိကလုပ်ငန်းရှင်အား တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၈ သန်းဖြင့် ညီမျှသော မြန်မာကျပ်ငွေဖြင့် ငှားရမ်းထားကြောင်း၊ မှော်ဘီအုတ်စက်ရုံကိုလည်း အမှတ် (၁) စက်မှုဝန်ကြီးဌာနမှ လွှဲပြောင်းထားပြီး လက်ရှိအချိန်ထိ နှစ်စဉ်အုတ်ချပ်ရေ သိန်းပေါင်း ၁၅၀ ခန့်ထုတ်လုပ်ပြီး ကော်မတီ၏ တည်ဆောက်ရေးလုပ်ငန်းများကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း ဦးမောင်မောင်စိုးက ဆက်လက်ပြောကြားသည်။

Most Read

Most Recent