ဘင်္ဂါလီအရေး တက်ကြွလှုပ်ရှားသူ မဝေေ၀နု ဟီလာရီကလင်တန် လူ့အခွင့်အရေးဆု ရရှိ

ဘင်္ဂါလီအရေး တက်ကြွလှုပ်ရှားသူ မဝေေ၀နု ဟီလာရီကလင်တန် လူ့အခွင့်အရေးဆု ရရှိ
Published 8 February 2018

ဘင်္ဂါလီအရေး တက်ကြွလှုပ်ရှားသူ မဝေေ၀နုအား ၂၀၁၄ ခုနှစ် ဇူလိုင် ၂၈ ရက်က ရန်ကုန်ရှိ သူ၏ရုံးတွင် တွေ့ရစဉ်

လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် ငြိမ်းချမ်းမှုတို့ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အမျိုးသမီးများ၏ ပူးပေါင်းပါဝင်မှုနှင့် ခေါင်းဆောင်မှုတို့အတွက် ပေးအပ်ချီးမြှင့်သော ဟီလာရီကလင်တန်ဆုကို ဘင်္ဂါလီအရေး တက်ကြွလှုပ်ရှားသူ မဝေေ၀နုက ရရှိခဲ့သည်။

ပဋိပက္ခများ၌ အမျိုးသမီးများ၏ အခွင့်အရေးအတွက် သြဇာကြီးသောစွမ်းဆောင်မှုများကို ဆောင်ရွက်နိုင်ခဲ့သည့် အမျိုးသမီးနှစ်ဦးအား အမေရိကန်နိုင်ငံရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်က ဖေဖော်ဝါရီ ၅ ရက်တွင် Georgetown တက္ကသိုလ်၌ ဆုပေးအပ်ခဲ့ရာ မဝေေ၀နုနှင့် အီရတ်မှ IS အကျဉ်းသားဟောင်း နာဒီရာမူရက်တို့ ဆုရရှိခဲ့ခြင်းဖြစ်သည်။ နာဒီရာမူရက်သည် လူကုန်ကူးခံရသော အမျိုးသမီးများ၏ ဂုဏ်သိက္ခာဆိုင်ရာအတွက် ကုလသမဂ္ဂ၏ ချစ်ကြည်ရေးသံတမန်နှင့် ယာဇီဒီလူ့အခွင့်အရေးလှုပ်ရှားသူဖြစ်သည်။

ဟီလာရီကလင်တန်ဆုကို Georgetown Institute for Women, Peace and Security က နှစ်စဉ်ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်။ ပို၍ငြိမ်းချမ်းပြီး လုံခြုံသောကမ္ဘာဖန်တီးရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍတိုးတက်ရေးအတွက် Georgetown တက္ကသိုလ်က ယင်းဆုများကို ပေးအပ်ခြင်းဖြစ်သည်။ FARC သူပုန်တို့နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်တွင် အမျိုးသမီးများ၏ အခန်းကဏ္ဍပါဝင်ရေးအတွက် ဆောင်ရွက်ခဲ့မှုအဖြစ် ကိုလံဘီယာအမျိုးသမီးလေးဦးကို ယမန်နှစ်က ယင်းဆုပေးအပ်ခဲ့သည်။

ဟီလာရီကလင်တန်သည် Georgetown Institute for Women, Peace and Security ၏ ဂုဏ်ထူးဆောင် တည်ထောင်သူဥက္ကဋ္ဌဖြစ်သည်။ ဘင်္ဂါလီမွတ်စလင် အမျိုးသမီးဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သော မဝေေ၀နုသည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးတို့အတွက် အရပ်ဘက်လူ့အဖွဲ့အစည်း၌ တက်ကြွစွာလှုပ်ရှားခဲ့သည်။

ဘူးသီးတောင်မြို့တွင် ကြီးပြင်းခဲ့သော မဝေေ၀နုသည် ၁၉၉၃ ခုနှစ်တွင် ရန်ကုန်မြို့သို့ မိသားစုနှင့်အတူ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် အသက် ၁၈ နှစ်အရွယ် ဥပဒေကျောင်းသူ မဝေေ၀နုနှင့် ဆွေမျိုးအများစုသည် ရန်ကုန်ရှိ အင်းစိန်အကျဉ်းထောင်၌ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံခဲ့ရသည်။ ၂၀၁၂ ခုနှစ်တွင် အသက် ၂၅ နှစ်အရွယ်၌ ပြန်လည်လွတ်မြောက်လာခဲ့သော မဝေေ၀နုသည် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဥပဒေဘွဲ့ကိုရရှိခဲ့ပြီး အမျိုးသမီးများ ငြိမ်းချမ်းရေးကွန်ရက် Women's Peace Network-Arakan နှင့် Justice for Women ကို တည်ထောင်ခဲ့သည်။

ယင်း NGO အဖွဲ့နှစ်ဖွဲ့မှတစ်ဆင့် မဝေေ၀နုသည် အမျိုးသမီးများ၏ ဥပဒေဆိုင်ရာနှင့် ပညာရေးဆိုင်ရာ အခွင့်အရေးများအတွက် ဆောင်ရွက်ပေးခဲ့သည်။

မဝေေ၀နုသည် Georgetown တက္ကသိုလ်၏ Bush Institute's Liberty and Leadership Forum သို့ ပထမဆုံးအပတ်စဉ်တွင် အဖွဲ့ဝင်တက်ရောက်ခဲ့သူဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် BBC ၏ Top 100 Women စာရင်းတွင်လည်းပါဝင်ခဲ့ဖူးသူ မဝေေ၀နုသည် အိမ်ဖြူတော်နှင့် အမေရိကန်ကွန်ဂရက်သို့ ဖိတ်ကြားခံခဲ့ရသူဖြစ်သည်။ Foreign Policy Magazine ၏ ၂၀၁၅ ခုနှစ် Top 100 Global Thinker တွင်လည်း အမည်စာရင်းပါဝင်ခဲ့သူဖြစ်သည်။

မဝေေ၀နုသည် သူ၏ကွန်ရက်မှတစ်ဆင့် ဘင်္ဂါလီမွတ်စလင်များ ခွဲခြားဖိနှိပ်ခံရမှုတို့အတွက် စုံစမ်းစစ်ဆေးရန် မြန်မာနိုင်ငံ၌ စုံစမ်းစစ်ဆေးရေးမစ်ရှင် ဆောင်ရွက်နိုင်ရန် ကုလသမဂ္ဂကို စည်းရုံးခဲ့သည်။

မဝေေ၀နုသည် ၂၀၁၅ ခုနှစ်တွင် အမုန်းစကားတိုက်ဖျက်ရေးအတွက် Myfriend ဟုခေါ်သော အွန်လိုင်းလှုံ့ဆော်မှုတစ်ခုကို ဆောင်ရွက်ခဲ့ပြီး လူမျိုးစုံ၊ ဘာသာစုံမိတ်ဆွေများက ၎င်းတို့၏ကိုယ်တိုင်ရိုက်ပုံများကို လူမှုမီဒီယာတွင် ရိုက်ကူးမျှဝေကြရန် သူကတိုက်တွန်းခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် လူ့အခွင့်အရေးကို ထိပါးမှုများရှိနေပြီး အမေရိကန်သည် ၎င်း၏ဦးဆောင်မှု အခန်းကဏ္ဍကို လျှော့ချနေသော်လည်း အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုအရှိန်အဟုန်သည် ပို၍အားကောင်းလာခဲ့ကြောင်း ဟီလာရီကလင်တန်က ဆုပေးပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

Most Read

Most Recent