မကွေးတိုင်းအတွင်း ပဲစင်းငုံဈေးအနည်းငယ် ပြန်တက်လာသော်လည်း ထွေးပဲနှောက်မဖော်မီမှာပင် ယခင်နှစ်ထက် ဈေးထက်ဝက်ကျော်ကျဆင်း

မကွေးတိုင်းအတွင်း ပဲစင်းငုံဈေးအနည်းငယ် ပြန်တက်လာသော်လည်း ထွေးပဲနှောက်မဖော်မီမှာပင် ယခင်နှစ်ထက် ဈေးထက်ဝက်ကျော်ကျဆင်း
Published 8 February 2018

မကွေးမြို့နယ် ပဲနှောက်စိုက်ခင်းတစ်ခုတွင် ပဲနှောက်ခူးဆွတ်နေစဉ်

မကွေးတိုင်းဒေသကြီးအတွင်း တစ်တင်းလျှင် ကျပ် ၁၀၀၀၀ အောက်အထိ စံချိန်တင်ကျဆင်းခဲ့သည့် ပဲစင်းငုံဈေး အနည်းငယ်ပြန်တက်လာသော်လည်း ထွေးပဲနှောက်မဖော်မီမှာပင် ဖေဖော်ဝါရီလဆန်းပိုင်းမှာပင် ယခင်နှစ်ရာသီပေါ်ဈေးများထက် ထက်ဝက်ကျော်ကျဆင်းနေကြောင်း ပဲပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။

ပဲစင်းငုံရာသီချိန်က တစ်တင်းလျှင် ကျပ် ၈၀၀၀ အထိကျဆင်းခဲ့ကြောင်း၊ ထို့ကြောင့် တောင်သူအများစုအရှုံးပေါ်ခဲ့သည့်အပြင် မကွေးတိုင်းအတွင်း မြို့နယ်အများစုမှ ပဲစင်းငုံစိုက်တောင်သူအချို့သည် ပဲစင်းငုံခင်းများကို မရိတ်သိမ်းဘဲ လွှတ်ထားခဲ့သည်အထိရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီလဆန်းပိုင်းတွင် ပဲစင်းငုံထိပ်စတစ်တင်းလျှင် ကျပ် ၁၂၀၀၀ အထိဈေးပြန်တက်လာသော်လည်း ကုန်အဝင်အလွန်နည်းပါးသွားကြောင်း သိရသည်။

ပဲတီစိမ်းကဲ့သို့ပင် ဆောင်းသီးနှံ (နောက်သီး) အဖြစ် စိုက်ပျိုးခဲ့သည့် ထွေးပဲနှောက်များကို ဖေဖော်ဝါရီလနှောင်းပိုင်းတွင် စတင်ကောက်သိမ်းတော့မည်ဖြစ်ပြီး ရာသီမစမီမှာပင် ယခင်နှစ်များထက် ဈေးလျော့ကျနေကြောင်း၊ ယခင်နှစ်ကရာသီချိန်အစတွင် ထွေးပဲနှောက်တစ်တင်းလျှင် ကျပ် ၃၀၀၀၀ ခန့် ဈေးရှိခဲ့သော်လည်း ဖေဖော်ဝါရီ ၇ ရက်အထိ ထွေးပဲနှောက်တစ်တင်းလျှင် ကျပ် ၁၃၀၀၀ အောက်တွင်သာဈေးရှိကြောင်း သိရသည်။

“ပြီးခဲ့တဲ့ စိုက်ပျိုးရာသီတစ်ခုလုံးမှာ မိုးရွာသွန်းမှုကောင်းလွန်းပြီး ဆောင်းပိုင်းအထိ အခါမဲ့မိုးတွေရွာခဲ့တော့ တောင်သူတွေအားလုံးက သီးနှံတွေတိုင်းနီးပါး အရှုံးပြပါတယ်။ ပဲစင်းငုံတွေကတော့ မူလစိုက်ပျိုးစရိတ်တွေမှာတင် ရှုံးပြီးသားကို ဈေးကတစ်တင်းမှ ကျပ် ၈၀၀၀ ပဲပေါက်တော့ ရိတ်သိမ်းတဲ့လုပ်အားခ ထပ်ရှုံးမှာမို့လို့ မသိမ်းလိုက်တဲ့သူတွေလည်းရှိပါတယ်။ ဒါပေမဲ့ ပဲစင်းငုံကအပင်ကြီးတော့ ခုတ်ရသိမ်းရဦးမှာပါ။ အခါမဲ့မိုးတွေကြောင့် ကုလားပဲရော၊ ပဲနှောက်ရော၊ ပဲတီစိမ်းတွေပါ အထိနာခဲ့တာတွေလည်းရှိပါတယ်” ဟု မင်းဘူးမြို့နယ်မှ တောင်သူတစ်ဦးက ပြောကြားသည်။

မကွေးမြို့မှ ပဲလုပ်ငန်းရှင်တစ်ဦးက “ပဲစင်းငုံကအခု ဖေဖော်ဝါရီလဆန်းပိုင်းမှာ ထိပ်စမိုးလွတ်လေလွတ်မှ ကျပ် ၁၂၀၀၀ ပဲရှိပါတယ်။ အညံ့တွေဆို ကျပ် ၁၀၀၀၀ ပဲဈေးရှိပါတယ်။ ထွေးပဲနှောက်တွေက ပေါ်တော့မလို့ပဲရှိသေးတယ်။ ဈေးက တစ်ဝက်ကျော်လောက် ပြုတ်ကျနေပါပြီ။ တောင်သူအများစုက သီးနှံစိုက်ပျိုးရေးတွေမှာ တစ်နှစ်ပြီးတစ်နှစ် အရှုံးပြလာတာဆယ်စုနှစ်နဲ့ ချီလာပါပြီ။ သူတို့အတွက် တကယ်ကောင်းမွန်တဲ့ မူဝါဒတွေ နည်းပညာတွေ မပံံ့ပိုးနိုင်ရင် ရေရှည်မှာ တောင်သူလုပ်ချင်သူက နည်းသထက် နည်းလာတော့မှာပါ” ဟုပြောကြားသည်။

ပြီးခဲ့သည့် စိုက်ပျိုးရာသီချိန်က အခါမဲ့မိုးများရွာသွန်းမှုနှင့် ဧရာဝတီမြစ်ရေသုံးကြိမ်အထိ မြင့်တက်ခဲ့မှုများကြောင့် မကွေးတိုင်းအတွင်း စပါးအပါအဝင် သီးနှံမျိုးစုံပျက်စီးမှုများ ကြုံတွေ့ခဲ့ရကြောင်း၊ ဆောင်းနှောင်းပိုင်းနှင့် နွေရာသီတွင် ချောင်းများအတွင်း စိုက်ပျိုးလေ့ရှိသည့် ကြက်သွန်စိုက်ခင်းများလည်း အခါမဲ့မိုးများကြောင့် ပျက်စီးမှုများခဲ့ပြီး ကြက်သွန်ထွက်နှုန်းများ လျော့ကျနိုင်ဖွယ်ရှိကြောင်း ဒေသခံများနှင့် ပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။

Most Read

Most Recent