ဧရာဝတီတိုင်းဒေသကြီးအတွင်း အကြီးဆုံးဖြစ်လာမည့် LNG to Power ဓာတ်အားပေးစက်ရုံကို ၂၀၂၀ ပြည့်နှစ်အမီ အပြီးတည်ဆောက်မည်

ဧရာဝတီတိုင်းဒေသကြီးအတွင်း အကြီးဆုံးဖြစ်လာမည့် LNG to Power ဓာတ်အားပေးစက်ရုံကို ၂၀၂၀ ပြည့်နှစ်အမီ အပြီးတည်ဆောက်မည်
Published 8 February 2018

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုတွင် ကုမ္ပဏီတစ်ခုမှ ဆိုလာစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနေစဉ်

ဧရာဝတီတိုင်းဒေသကြီးအတွင်း အကြီးမားဆုံးဖြစ်လာမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်း၌သာမက အခြားတိုင်းနှင့် ပြည်နယ်အချို့ကိုပါ လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးနိုင်မည့် LNG to Power သုံးဓာတ်အားပေးစက်ရုံကို ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့တွင် ၂၀၂၀ ပြည့်နှစ်အမီ အပြီးတည်ဆောက်ဖွင့်လှစ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သတင်းရရှိသည်။

ရွှေသောင်ယံမြို့ မီးလောင်ချိုင့်ဒေသတွင် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် Zhefu & Supreme ကုမ္ပဏီမှ LNG to Power ဖြင့် မဂ္ဂါဝပ် ၁၃၉၀ အားထုတ်လုပ်နိုင်မည့် ဓာတ်အားပေးဓာတ်ရုံတစ်ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များနှင့် အခြားသော SME လုပ်ငန်းများကိုပါ ပေးဝေသွားနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းအား ပထမအဆင့်အားဖြင့် ၃၆ လနှင့် ဒုတိယအဆင့် ၄၂ လဟု အချိန်သတ်မှတ်ထားပြီးလုပ်ငန်းများ စတင်လုပ်ကိုင်နိုင်ရန်အတွက် စီမံကိန်းဆိုင်ရာ တွက်ချက်လုပ်ဆောင်မှုများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

“အဲဒီမှာကတော့ LNG နဲ့ လျှပ်စစ်ထုတ်မယ်ပေါ့။ မဂ္ဂါဝပ် ၁၃၉၀ ပေါ့။ ဒါထုတ်ဖို့အတွက် အားချင်းပဲဆောင်ရွက်နေပြီ။ အဲနေရာကတော့ ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့ ချောင်းသာ-ရွှေသောင်ယံအထက်ဘက်ပေါ့။ မီးလောင်ဂျိုင်ဒေသပေါ့နော်။ သို့သော်လည်းအခု ကျွန်တော်တို့နာမည်ကိုတောင် ပြင်ဖို့လုပ်နေပါပြီ။ ရွှေသောင်ယံစီမံကိန်းဆိုပြီးတော့ ပြင်ဖို့လုပ်နေပါပြီ။ လျှပ်စစ်ထုတ်ဖို့ပေါ့နော်။ အဓိကဦးဆောင်လုပ်တာကတော့ ပြည်ထောင်စုကလုပ်တာ၊ ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရကလည်း ဒါတွေကို ပံ့ပိုးဆောင်ရွက်ပေးဖို့လုပ်တယ်။ နိုင်ငံအတွက်လိုအပ်နေတဲ့ လျှပ်စစ်ရဖို့လုပ်တာပေါ့။ ကျွန်တော်တို့တိုင်းမှာ ကိုယ်တိုင်ထုတ်နိုင်တာဆိုလို့ ၁၂ ကနေ ၁၃ မဂ္ဂါဝပ်လောက်ပဲထုတ်နိုင်တဲ့ မြန်အောင်ပဲရှိတယ်လေ။ အခုက ဒီလောက်ထုတ်နိုင်တဲ့ စီမံကိန်းစမယ်ဆိုရင် တိုင်းအတွက် အများကြီးအဆင်ပြေမယ်။ ကျွန်တော်တို့အစိုးရ ကျမ်းကျိန်ပြီး သိပ်မကြာခင်မှာပဲ စပြီးတော့ကြိုးစားလာတာ။ ဒါအကောင်အထည် စပေါ်လာတဲ့သဘောပါ။ အဲကနေပြီးတော့ ပြီးသွားလို့ရှိရင် မီးသွယ်တန်းမှုအပိုင်းပါပါတယ်။ အဲဒါက လှိုင်သာယာထိဆွဲမှာပေါ့။ ကျွန်တော်တို့တိုင်းမှာဆိုရင် အသုတ်ကိုဖြတ်ဝင်မယ်။ အသုတ်ဓာတ်အားခွဲရုံကနေ ကျွန်တော်တို့တိုင်းအတွက် လုံလောက်တဲ့ ဓာတ်အားပါရမယ်။ ရန်ကုန်တိုင်းကို ရောက်သွားရင်တော့ နိုင်ငံအတွက်လိုအပ်တဲ့ ဓာတ်အားပါရမယ်။ စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမှုပမာဏရယ်။ ထွက်ရှိတဲ့ လျှပ်စစ်တစ်ယူနစ်ကို ဘယ်လောက်နဲ့ ရောင်းချမယ်ဆိုတာကိုတော့ တွက်ချက်နေဆဲပါ။ လိုအပ်တဲ့ LNG ကိုတော့ နိုင်ငံခြားကနေတင်သွင်းမှာပါ” ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ လမ်းပန်းနှင့်စက်မှုဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

၂၀၃၀ ပြည့်နှစ်တွင် တစ်မျိုးသားလုံး လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းအရ ဧရာဝတီတိုင်းဒေသကြီး မဟာဓာတ်အားလိုင်းများမှတစ်ဆင့် လျှပ်စစ်မီးများ ဖြန့်ဝေပေးရမည့် ကျေးရွာပေါင်းမှာ ၇၉၃၄ ရွာအထိ ရှိနေသေးကြောင်း သိရသည်။

Most Read

Most Recent