မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံထားရသည့် ဦးကျော်မြင့်အပါအဝင် မိသားစုဝင်လေးဦးအား ရန်ကုန်မြို့တွင်ထိန်းသိမ်းထားပြီး ဆက်လက်ရုံးထုတ်

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံထားရသည့် ဦးကျော်မြင့်အပါအဝင် မိသားစုဝင်လေးဦးအား ရန်ကုန်မြို့တွင်ထိန်းသိမ်းထားပြီး ဆက်လက်ရုံးထုတ်
Published 8 February 2018

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုတွင် ရန်ကုန်တွင်ဖမ်းဆီးခံထားရသူ မင်းသန်းဌေး၊ ဦးကျော်မြင့်နှင့် ဇနီးဒေါ်ကြည်ကြည်ဝင်းနှင့် ချွေးမမခိုင်ဇာလှိုင်တို့အား မရမ်းကုန်းမြို့နယ်တရားရုံးတွင် ဖေဖော်ဝါရီ ၆ ရက်က ဆက်လက်ရုံးထုတ်ခဲ့ပြီး ခရီးသွားရမန်ထပ်မံယူခဲ့ကြောင်း မရမ်းကုန်းမြို့မရဲစခန်းမှ သိရသည်။

“မနေ့က လေးယောက်စလုံးကို ခရီးသွားရမန် တစ်ပတ်ထပ်ပေးလိုက်တယ်။ ဟိုဘက်ကတော့ လာခေါ်သေးလို့ ခရီးသွားရမန်ထပ်ပေးလိုက်တာပါ။ သူတို့လေးဦးကိုတော့ တိုင်းရုံးမှာ ဖမ်းဆီးထိန်းသွားထားပါတယ်” ဟု မရမ်းကုန်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၇ ရက်က ပြောကြားသည်။

ကျော်မြင့်အပါအဝင် မိသားစုဝင်လေးဦးအား နောက်တစ်ပတ်ရုံးချိန်းအထိ ခရီးသွားရမန်ထပ်မံပေးခဲ့ပြီး ဖေဖော်ဝါရီ ၁၃ ရက်သို့ ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်မှာ ဇန်နဝါရီ ၃၀ ရက် ညနေ ၄ နာရီခွဲခန့်တွင် မြောက်ဦး-စစ်တွေ ကားလမ်းပေါ်ရှိ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းအကြား သရက်ချိုကျေးရွာအနီးတွင် လုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်သည်။

ဖြစ်စဉ်မှ မသင်္ကာသူ တိမ်ညိုကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့်နှင့် ၎င်း၏သားဖြစ်သူ မင်းသန်းဌေး၊ ဇနီးဖြစ်သူ ဒေါ်ကြည်ကြည်ဝင်းနှင့် ချွေးမဖြစ်သူ မခိုင်ဇာလှိုင်တို့အား စစ်ဆေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

၎င်းတို့အား ဆက်လက်စစ်ဆေးချက်အရ ကျော်မြင့်နှင့် မင်းသန်းဌေးတို့သည် မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ ဘူးသီးတောင် မောင်တောဒေသသို့ ကော်မရှင်စားဖြင့် ဆက်သွယ်ရောင်းဝယ်ခြင်းနှင့် ကိုယ်တိုင်ဝယ်ယူရောင်းချခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ရရှိသည့်ငွေကြေးများဖြင့် AA အဖွဲ့အတွက် လက်နက်ခဲယမ်းများ ဝယ်ယူစုဆောင်း၊ သယ်ဆောင်ပေးခဲ့ကြောင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၇ ခုနှစ် နိုဝင်ဘာအထိ WY စိတ်ကြွဆေးပြား ၄၄ သိန်းကို ကိုးကြိမ်သယ်ဆောင်ရောင်းဝယ်ပြုလုပ်ခဲ့ရာ စုစုပေါင်း ကျပ် ၃၉၇၅ သိန်း အမြတ်ငွေရရှိခဲ့ကြောင်း၊ ၎င်းငွေကြေးများဖြင့် M-16 အမျိုးအစားသေနတ်များအပါအဝင် စုစုပေါင်း သေနတ် ၂၃ လက်၊ ကျည်ဘောက် ၄၆ ခု၊ ကျည် ၆၀၅၀ တောင့်တို့အား AA အဖွဲ့ထံ လျှို့ဝှက်ပို့ဆောင်ပေးခဲ့ပြီး ပစ္စတိုတစ်လက်၊ ကျည်ဘောက်တစ်ခု၊ ကျည်ကိုးတောင့်တို့အား ၎င်းကိုင်ဆောင်ရန် သိမ်းဆည်းထားခဲ့ကြောင်း ဝန်ခံသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁ ရက်တွင် သတင်းထပ်မံထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးခံထားရသည့် ကျော်မြင့်ဆိုသူမှာ တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၁ ရက်တွင် တိမ်ညိုကျေးရွာရှိ ကျော်မြင့်ပိုင်နေအိမ်အား ရဲတပ်ဖွဲ့က လာရောက်ချိတ်ပိတ်ခဲ့သည်။

ထို့ပြင် တိမ်ညိုကျေးရွာတွင်လည်း ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့ပြီး ဒေသခံအချို့အား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်မှာ မြောက်ဦးပဋိပက္ခဖြစ်စဉ်ပြီးနောက် သုံးရက်အကြာ ဇန်နဝါရီ ၁၉ ရက်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ လက်ထောက်ညွှန်ကြားရေးမှူးရာထူးဖြင့် ပြောင်းရွှေ့ခံထားရပြီးနောက် ယင်းကဲ့သို့လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။

Most Read

Most Recent