အမျိုးသားပို့ကုန်မဟာဗျူဟာအရ ကယားပြည်နယ်၏ ခရီးသွားလုပ်ငန်းကဏ္ဍမြှင့်တင်ရေး ဆောင်ရွက်ခဲ့ပြီးနောက် လာမည့်နှစ်အတွင်း ချင်း၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ထပ်မံဆောင်ရွက်ရန် ဆွေးနွေး

အမျိုးသားပို့ကုန်မဟာဗျူဟာအရ ကယားပြည်နယ်၏ ခရီးသွားလုပ်ငန်းကဏ္ဍမြှင့်တင်ရေး ဆောင်ရွက်ခဲ့ပြီးနောက် လာမည့်နှစ်အတွင်း ချင်း၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ထပ်မံဆောင်ရွက်ရန် ဆွေးနွေး
Published 8 February 2018

ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ ကနေဒီတောင်ကြောတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူထွန်း-ကလေး)

အမျိုးသားပို့ကုန် မဟာဗျူဟာ (NES-National Export Strategy) အရ ကယားပြည်နယ်၏ ခရီးသွားလုပ်ငန်းကဏ္ဍမြှင့်တင်ရေး ဆောင်ရွက်ခဲ့ပြီး လာမည့်နှစ်အတွင်း ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး စသည်တို့တွင် ထပ်မံဆောင်ရွက်ရန် ဆွေးနွေးလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောကြားသည်။

“National Export Strategy မှာ ပထမဆုံးလက်တွေ့စလုပ်တာ Tourism ပဲ။ ကျွန်တော်တို့ကို CBI က ဒေါ်လာ ၁ ဒသမ ၉ သန်းအကူအညီပေးတယ်။ ကယားပြည်နယ် Community Based Tourism Project ကို ၂၀၁၂ ခုနှစ်ကတည်းကစပြီး အကောင်အထည်ဖော်တယ်။ သုံးနှစ်စီမံကိန်းပါ။ အခုအောင်မြင်စွာပြီးသွားပါပြီ” ဟု ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောကြားသည်။

ကယားပြည်နယ်တွင် ခရီးသွားလုပ်ငန်းများမြှင့်တင်ရန် ဆောင်ရွက်ခဲ့ရာ၌ ကယားပြည်နယ်အစိုးရအဖွဲ့နှင့် အခြားငြိမ်းချမ်းရေးအဖွဲ့အစည်းများမှလည်း ပူးပေါင်းပါဝင်ကူညီခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ကယားပြည်နယ်က ဖြစ်စဉ်တွေကို ဗီဒီယို၊ ရုပ်ရှင်ရိုက်ပြီး ဘာလင်မှာပြိုင်တယ်။ ပထမဆုရတယ်။ အောင်မြင်တယ်။ နောက်နှစ်အတွက်ထပ်ပြီး ကျွန်တော်တို့ကိုပရောဂျက်ပေးတယ်။ ဆိုတော့ ဒီပရောဂျက်က ဘယ်နေရာမှာလုပ်မလဲဆိုတာ အတည်မပြုရသေးပါဘူး။ ချင်းပြည်နယ်ကို ရွေးဖြစ်မလား၊ ကယားပြည်နယ်လား၊ တနင်္သာရီပဲရွေးဖြစ်မလားဆိုတာ ဆက်ဆွေးနွေးနေတုန်းပဲ” ဟု ဦးအောင်စိုးက ဆက်လက်ပြောကြားသည်။

ချင်းပြည်နယ်အတွင်းသို့ ပြည်တွင်းပြည်ပခရီးသွားများ ဝင်ရောက်မှုများပြားနေသဖြင့် လုပ်ငန်းရှင်အများစုက ယင်းဒေသ၌ဟိုတယ်များ၊ အပန်းဖြေနေရာများ တည်ဆောက်နိုင်ရေး စိတ်ဝင်စားလျက်ရှိပြီး အစိုးရအဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်၊ မြိတ်နှင့် ကော့သောင်း စသည့်မြို့သုံးတွင် ဒေသခံခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်၊ အပန်းဖြေစခန်းများတည်ဆောက်ရန် ကမ်းခြေရှိသစ်တောမြေများကို ရင်းနှီးမြှုပ်နှံလိုသူများ ရှိလာပါက ရင်းနှီးမြှုပ်နှံခွင့်ပြုရန်အတွက် ဖေဖော်ဝါရီ ၁ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်၌ကျင်းပသည့် ဒုတိယသမ္မတ (၁) နှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ (၁၄) ကြိမ်မြောက်အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး ကုန်သည်စက်မှုအသင်းဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်က တင်ပြခဲ့သည်။

ဇန်နဝါရီမှ သြဂုတ်လအထိ ခရီးသွားဝင်ရောက်မှု ကိန်းဂဏန်းများကို ပေါင်းစည်းရန်လိုသေးသော်လည်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနထံမှ အချက်အလက်တို့အရ ၂၀၁၇ ခုနှစ်၏ ပထမရှစ်လအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည်ပေါင်း ၂ ဒသမ ၂ သန်းမှ ၂ ဒသမ ၈ သန်းအထိ ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရှိရပြီး ဒေသတွင်းမီဒီယာတို့၏ အစီရင်ခံချက်များအရ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ရာခိုင်နှုန်း ၂၀ ကျော်တိုးတက်လာကြောင်း ကိုယ်စားပြုနေသည်ဟု Oxford Business Group မှထုတ်ပြန်သည့် မြန်မာနိုင်ငံ၏ နောက်ဆုံးရစီးပွားရေးအခြေအနေစာတမ်းတွင် ဖော်ပြထားသည်။

Most Read

Most Recent