ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထား ကိုင်ဆောင်ထားသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများအား ဗီဇာနှင့်အလုပ်လုပ်ခွင့်ပါမစ်သက်တမ်း နှစ်နှစ်တိုးပေးခြင်း ထိုင်းအစိုးရ စတင်လုပ်ဆောင်

ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထား ကိုင်ဆောင်ထားသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများအား ဗီဇာနှင့်အလုပ်လုပ်ခွင့်ပါမစ်သက်တမ်း နှစ်နှစ်တိုးပေးခြင်း ထိုင်းအစိုးရ စတင်လုပ်ဆောင်
Published 7 February 2018

အထောက်အထားမရှိသဖြင့် နေရပ်သို့ပြန်လာသည့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများကို ဖေဖော်ဝါရီလဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ရွှေသိန်း)

ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထားကိုင်ဆောင်ထားသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများအနေဖြင့် ထိုင်းအစိုးရက ဖေဖော်ဝါရီ ၅ ရက်တွင် စတင်ဖွင့်လှစ်လိုက်သည့် OSS Data Entry စခန်းများတွင် ဗီဇာနှင့်အလုပ်လုပ်ခွင့်ပါမစ် သက်တမ်းတိုးခြင်းလုပ်ငန်းများကို စတင်လုပ်ဆောင်ပေးနေကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအလုပ်သမားသံအရာရှိရုံးက အသိပေးထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် ပန်းရောင်ကတ်ကိုင်ဆောင်၍ နိုင်ငံသားစိစစ်ပြီး (စီအိုင်စာအုပ် သို့မဟုတ် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့်) အလုပ်သမားများအနေဖြင့် ထိုင်းအစိုးရက ဖေဖော်ဝါရီ ၅ ရက်က ဖွင့်လှစ်လိုက်သည့် OSS Data Entry များသို့သွားရောက်ပြီး ဗီဇာနှင့်အလုပ်လုပ်ခွင့်ပါမစ် သက်တမ်းနှစ်နှစ် ထပ်မံသက်တမ်းတိုး ဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထို့အတူ ပန်းရောင်ကတ်ကိုင်ဆောင်၍ နိုင်ငံသားစိစစ်ခြင်းမပြုရသေးသည့် အလုပ်သမားများ (စီအိုင်စာအုပ် သို့မဟုတ် နိုင်ငံကူးလက်မှတ် မထုတ်ရသေးသည့်သူများအနေဖြင့် စီအိုင်ထုတ်ပေးရေးစခန်းများသို့မဟုတ် ထိုင်းနိုင်ငံမြန်မာသံရုံးရှိ (မနလ) ရုံးသို့သွားရောက်ပြီး အထောက်အထားထုတ်ယူနိုင်ပြီး မိမိနေထိုင်ရာဒေသရှိ OSS Data Entry စခန်းသို့သွားရောက်ပြီး ဗီဇာသက်တမ်းတိုးခြင်းနှင့် အလုပ်လုပ်ခွင့်ပါမစ် သက်တမ်းတိုးခြင်း ဆောင်ရွက်နိုင်သည့်အပြင် ကြိုတင်သွားရောက်ပြီး မှတ်ပုံတင်ထားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင်အလုပ်ရှင်၊ အလုပ်သမားမှန်ကန်ကြောင်း စာရွက်ကိုင်ဆောင်ထားသည့် စီအိုင်ရရှိထားသည့် အလုပ်သမားများအနေဖြင့်လည်း ဗီဇာသက်တမ်းတိုးခြင်းနှင့် အလုပ်လုပ်ခွင့်ပါမစ် သက်တမ်းတိုးခြင်းများကို ဆောင်ရွက်နိုင်ကြောင်း၊ အလုပ်ရှင်အလုပ်သမား မှန်ကန်ကြောင်း စာရွက်ကိုင်ဆောင်ထားသူများနှင့် သက်တမ်းကုန်ဆုံးထားပြီးဖြစ်သည့် ရေလုပ်သား ပန်းရောင်ကတ်ကိုင်ဆောင်ထားပြီး (နိုင်ငံသားစိစစ်ခြင်း မပြုရသေးသည့်) အလုပ်သမားများအနေဖြင့်လည်း ဗီဇာသက်တမ်းတိုးခြင်းနှင့် အလုပ်လုပ်ခွင့်ပါမစ် သက်တမ်းတိုးခြင်းများ ဆောင်ရွက်နိုင်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။

သို့သော် ထိုင်းအစိုးရက ဖေဖော်ဝါရီ ၅ ရက်တွင် ဖွင့်လှစ်ခဲ့သည့် OSS Data Entry စခန်းများမှာ ပန်းရောင်ကတ်ထပ်မံထုတ်ပေးခြင်းများမဟုတ်ဘဲ နိုင်ငံသားစိစစ်ပြီး အလုပ်သမားများနှင့် နိုင်ငံသားစိစစ်ခြင်းမပြုရသေးသော အလုပ်သမားများအတွက် ထိုင်းအစိုးရမှ အချက်အလက်မှတ်ပုံတင်ခြင်း၊ နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် သက်တမ်းနှစ်နှစ်ရရှိနိုင်ရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Most Read

Most Recent