စွမ်းအင်ကဏ္ဍတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု နည်းစေသည့် နည်းလမ်းများ ရှာဖွေသွားနိုင်ရေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ် (UNEP) ၏ အမှုဆောင် ညွှန်ကြားရေးမှူး ဆွေးနွေး

စွမ်းအင်ကဏ္ဍတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု နည်းစေသည့် နည်းလမ်းများ ရှာဖွေသွားနိုင်ရေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ် (UNEP) ၏ အမှုဆောင် ညွှန်ကြားရေးမှူး ဆွေးနွေး
Published 7 February 2018

ဖေဖော်ဝါရီ ၆ ရက်က နေပြည်တော်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ်၏ အမှုဆောင် ညွှန်ကြားရေးမှူးနှင့် ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ် Mr.Erik Solheim အား လက်ခံတွေ့ဆုံစဉ် (Photo – MOFA Myanmar)

မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းစေသည့် နည်းလမ်းများ ရှာဖွေဆောင်ရွက် သွားနိုင်ရေး ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ် (UNEP) ၏ အမှုဆောင် ညွှန်ကြားရေးမှူးတို့ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကုလသမဂ္ဂ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ် (United Nations Enviroment Programme - UNEP) ၏ အမှုဆောင် ညွှန်ကြားရေးမှူးနှင့် ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် Mr.Erik Sholheim အား ဖေဖော်ဝါရီ ၆ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် UNEP နှင့် ဒေသတွင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းစေသည့် နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားနိုင်ရေး၊ စိုက်ပျိုးရေးနှင့် သီးနှံထုတ်ကုန် မြှင့်တင်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစသည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် လက်ရှိ ဓာတ်အားသုံးစွဲမှုပမာဏ အမြင့်ဆုံးမှာ ၃၁၈၉ မဂ္ဂါဝပ် ခန့်ရှိပြီး အဆိုပါ လိုအပ်ချက်ကို ရေအားလျှပ်စစ်စက်ရုံ၁၇ ရုံနှင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ၁၅ ရုံ တို့မှ ထုတ်လုပ်ပေးလျက် ရှိကြောင်း၊ နှစ်အလိုက် ဓာတ်အားတိုးတက်သုံးစွဲနှုန်းမှာ ၁၅ ရာခိုင်နှုန်း တိုးတက်နေပြီး ၂၀၂၀- ၂၀၂၁ ခုနှစ်တွင် ၄၅၃၁ မဂ္ဂါဝပ်ထိ သုံးစွဲမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

လက်ရှိတွင် ၃၁၈၉ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်၍ ၁၃၄၂ မဂ္ဂါဝပ်ထပ်မံ လိုအပ်ကြောင်း၊ ယင်းအတွက် ၂၀၁၈ ခုနှစ်တွင် စက်ရုံသုံးရုံမှ ၄၃၉ မဂ္ဂါဝပ်၊ ၂၀၁၉ ခုနှစ်တွင် စက် ရုံလေးရုံမှ ၇၅၀ မဂ္ဂါဝပ်၊ ၂၀၂၀ ပြည့်နှစ်တွင် စက်ရုံသုံးရုံမှ ၂၆၀ မဂ္ဂါဝပ်၊ ၂၀၂၁ ခုနှစ်တွင် စက်ရုံငါးရုံမှ ၉၇၁ မဂ္ဂါဝပ်နှင့် ၂၀၂၂ ခုနှစ်တွင် စက်ရုံငါးရုံမှ ၈၉၁ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရေး စီစဉ်ထားကြောင်း သိရသည်။

အဆိုပါစက်ရုံများ ဓာတ်အားထုတ်လုပ်မှုတွင် ရေအားစက်ရုံများ ၁၅ ရာခိုင်နှုန်း၊ HFO စက်ရုံများ ၁၈ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့သုံး စက်ရုံများ ရာခိုင်နှုန်း ၃၀၊ LNG စက်ရုံ ၃၂ ရာခိုင်နှုန်း၊ Solar စက်ရုံ ငါးရာခိုင်နှုန်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် မီးသုံးစွဲသူ ၁၀ ဒသမ ၈၇၇ သန်းအနက် ၄ ဒသမ ၂၈၉ သန်း (၃၉ ဒသမ ၄ ရာခိုင်နှုန်း) လျှပ်စစ်မီးရရှိပြီး ၆ ဒသမ ၅၈၈ သန်း မီးရရှိရန် ကျန်ရှိနေကြောင်း သိရသည်။

မြို့အနေဖြင့် ၄၈၂ မြို့အနက် ဓာတ်အားစနစ်မှ မြို့ ၃၅၀ မီးရရှိပြီး အခြားနည်းလမ်းဖြင့် ကျန် ၁၃၂  မြို့ မီးရရှိထားကြောင်း၊ ကျေးရွာများ အနေဖြင့် ၆၃၇၃၇ ရွာရှိသည့် အနက် ၃၂၂၂၈ ရွာ မီးရရှိပြီး ၃၁၅၀၉ ရွာ ကျန်ရှိနေကြောင်း သိရသည်။

 

Most Read

Most Recent