မောင်တောတောင်ပိုင်း ကမ်းခြေမှတစ်ဆင့် ငါးရက်အတွင်း ဘင်္ဂါလီခုနစ်ရာကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွာသွားပြီး ဘူးသီးတောင်မြို့နယ် ကျေးရွာ ၁၆ ရွာမှ နေရပ်စွန့်ခွာ ဘင်္ဂါလီ ၇၈၈ ဦး ကမ်းခြေသို့ ထပ်မံရောက်ရှိ

မောင်တောတောင်ပိုင်း ကမ်းခြေမှတစ်ဆင့် ငါးရက်အတွင်း ဘင်္ဂါလီခုနစ်ရာကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွာသွားပြီး ဘူးသီးတောင်မြို့နယ် ကျေးရွာ ၁၆ ရွာမှ နေရပ်စွန့်ခွာ ဘင်္ဂါလီ ၇၈၈ ဦး ကမ်းခြေသို့ ထပ်မံရောက်ရှိ
Published 7 February 2018

မောင်တောတောင်ပိုင်း ကမ်းခြေမှတစ်ဆင့် ငါးရက်အတွင်း ဘင်္ဂလားဒေ့ရှ်သို့ ဘင်္ဂါလီ ခုနစ်ရာကျော် ထွက်ခွာသွားပြီး ဘူးသီးတောင်မြို့နယ် ကျေးရွာ ၁၆ ရွာမှ နေရပ်စွန့်ခွာ ဘင်္ဂါလီ ၇၈၈ ဦး ကမ်းခြေသို့ ထပ်မံရောက်ရှိနေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၄ ရက် ညနေ ၇ နာရီ ၄၅ မိနစ်တွင် မောင်တောမြို့နယ် ဂေါ်ဒူသာရ ချောင်းဝပင်လယ်ကမ်းခြေသို့  ဘူးသီးတောင်မြို့နယ် သေကံခွဆုံ၊ စိမ်းညှင်းပြာ၊ သိမ်တောင်၊ ဆင်ခုန်တိုင်၊ အနောက်ပြင်၊ ကွန်တိုင်၊ ဖုံညိုလိပ်၊ ဦးလှဖေ၊ ဖိုးခေါင်ချောင်း၊ ရွက်ညိုတောင်၊ ကင်းတောင်၊ ဗဒန်နာ၊ သပိတ်တောင်၊ မြောင်နား၊ ဝရကျွန်းနှင့် ကကျက်ဘက်ကျေးရွာ ၁၆ ရွာမှ ဘင်္ဂါလီ ၇၈၈ ဦး (ကျား ၃၇၅၊ မ ၄၁၃) ရောက်ရှိလာခြင်းဖြစ်ကြောင်း ပြည်ထဲရေး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဘင်္ဂါလီများသည် အကြမ်းဖက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် နေစရာ၊ စားစရာ၊ အလုပ်အကိုင် အခက်အခဲ ရှိသဖြင့် ၎င်းတို့ဆန္ဒအလျောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ရန် စိမ်းညှင်းပြာတောင်ကျော် လမ်းအတိုင်း ထွက်ခွာလာကြောင်း သိရသည်။

ယင်းမတိုင်မီ  ဇန်နဝါရီ ၂၈ ရက် ညနေ ၇ နာရီခွဲတွင် မောင်တောမြို့နယ် မှိုဝင်ချောင်းဝကင်းစခန်းနှင့် ဂေါ်ဒူသာရ ချောင်းဝကင်း စခန်းအကြား ပင်လယ်ကမ်းခြေသို့ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွာရန် ဘူးသီးတောင်မြို့နယ်အတွင်း ကျေးရွာ ၁၂ ရွာမှ နေရပ်စွန့်ခွာ ဘင်္ဂါလီ  ၈၅၃ ဦး ရောက်ရှိလာခြင်း ဖြစ်ကြောင်းနှင့် ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စုစုပေါင်း ဘင်္ဂါလီ ခုနစ်ရာကျော် ထွက်ခွာပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိ အဆိုပါ ကမ်းခြေနေရာတွင် ဘင်္ဂလားဒေ့ရှ်သို့ ဆက်လက်ထွက်ခွာရန် ကျန်နေသည့် ယခင် ၉၃ ဦး(ကျား ၄၀၊ မ ၅၃) ရှိသဖြင့် ယခု စုစုပေါင်း ၈၈၁ ဦး (ကျား ၄၁၅၊ မ ၄၆၆) နေထိုင်လျက်ရှိကြောင်း သတင်းရရှိသည်။ မောင်တောဒေသ အကြမ်းဖက် ဖြစ်စဉ်ကြောင့် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသူများအား ပြန်လည်လက်ခံရေး အစီအစဉ်ကို မြန်မာနိုင်ငံမှ ဇန်နဝါရီ ၂၃ ရက်က စတင်နေပြီ ဖြစ်သော်လည်း တစ်ဦးတစ်ယောက်မျှ ပြန်လာခြင်း မရှိသေးကြောင်း သိရသည်။

 

Most Read

Most Recent