မော်လမြိုင်မြို့တွင် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ ခိုးယူပြီး အရောင်းအဝယ် ပြုလုပ်သူ ကွင်းဆက် တရားခံများအား ဖမ်းဆီးရမိ

မော်လမြိုင်မြို့တွင် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ ခိုးယူပြီး အရောင်းအဝယ် ပြုလုပ်သူ ကွင်းဆက် တရားခံများအား ဖမ်းဆီးရမိ
Published 7 February 2018

မော်လမြိုင်မြို့တွင် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ ခိုးယူ၊ အရောင်းအဝယ် ပြုလုပ်သူ ကွင်းဆက် တရားခံများအား ဖေဖော်ဝါရီ ၅ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် ဇွန် ၁၁ ရက်က မော်လမြိုင်မြို့ ညောင်ပင်ဆိပ်ရပ်ကွက် ထပ်ကေးရပ်ရှိ ရပ်မိရပ်ဖဖြစ်သူ ဦးစောလွင်  ၅၆ နှစ် (ဘ) ဦးချစ်မြက ညောင်ပင်ဆိပ်ရပ်ကွက် ရှိ ထပ်ကေးဘုန်းကြီးကျောင်းတိုက် ရန်မျိုး အောင်ဝတ်တော်ကြီး အတွင်းရှိ ဉာဏ်တော် ငါးပေ၊ ဗြက်သုံးပေခန့်ရှိ ဗုဒ္ဓခြေတော်ရာ တစ်ဆူအား အောက်ခြေပုလ္လင်ခုံမှ ဖြတ်ထုတ်ထားခြင်း၊ ဉာဏ်တော် ငါးပေ၊ ဗြက် သုံးပေခန့်ရှိ မတ်ရပ်ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူအား ကျိုက်မရောမြို့နယ် ဘာဘူကုန်းကျေးရွာ မော်လမြိုင် -ဘားအံ ကားလမ်းဘေးနေ ဟာမက် ၆၀ နှစ် (ဘ) ဦးခါလစ်ထံ တစ်ဆူလျှင် ငွေကျပ် တစ်သိန်းဖြင့် ရောင်းချခဲ့ခြင်းတို့နှင့် ပတ်သက်၍ ညောင်ပင်ဆိပ် နယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့ရာ ညောင်ပင်ဆိပ် နယ်မြေရဲစခန်းမှ ယုံကြည်အပ်နှံထားသော သာသနိက ပစ္စည်းများအား အလွဲသုံးစားပြုလုပ်ခဲ့သူ တိုက်ကျောင်းဆရာတော် ဥူးတေဇနိယ (လူအမည် ဦးဘိုလေး) သက်တော် ၆၅ နှစ်၊ ဝါတော် ၄၅ ဝါ၊ ခမည်းတော်အမည် ဦးဘရှင်အား (ပ) ၁၆/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၄၀၆/၂၉၅/၂၉၅ (က) အရ အမှုဖွင့် အရေးယူထားကြောင်း၊ ၎င်းအမှုမှ မသင်္ကာသူ မော်လမြိုင်မြို့နယ် ကတိုးကျေးရွာ နယ်မြေ (၈) နေ၊ လေးနိုင် (ခ) ဟာမက် (ခ) နှုတ်ခမ်းမွှေး ၆၉ နှစ် (ဘ) ဦးခါလစ်အား ဖေဖော်ဝါရီ ၅ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် မွန်ပြည်နယ်ရဲအကူ တပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနစုမှ ရဲအုပ်ကျော်ဆန်းနှင့် တပ်ဖွဲ့ဝင်များက မော်လမြိုင်မြို့ မြိုင်သာယာဈေးရှေ့၌ ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့နောက် လေးနိုင် (ခ) ဟာမက် (ခ) နှုတ်ခမ်းမွှေးအား မြိုင်သာယာ နယ်မြေရဲစခန်းသို့ ခေါ်ဆောင်စစ်ဆေးခဲ့ရာ ညောင်ပင်ဆိပ်ရပ်ကွက်၊ ထပ်ကေးရပ်၊ ဘုန်းကြီးကျောင်းတိုက်ရှိ ရန်မျိုးအောင် ဝတ်တော်ကြီး အတွင်းမှ ပျောက်ဆုံးလျက်ရှိသည့် ဉာဏ်တော် ငါးပေ၊ ဗျက် သုံးပေခန့်ရှိ မတ်ရပ်ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူအား ကျောင်းထိုင်ဆရာတော် ဥူးတေဇနိယထံမှ ဝယ်ယူခဲ့သည်မှာ မှန်ကန်ကြောင်းဖြင့် စစ်ဆေးပေါ်ပေါက်ခဲ့၍ မော်လမြိုင်မြို့ စက်မှုဇုန်နယ်မြေရဲစခန်း၌ အဆိုပါရဲစခန်း၏ (ပ) ၁၆/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၄၀၆/၂၉၅/၂၉၅ (က) အမှုမှ နောက်ဆက်တွဲ တရားခံအဖြစ် ချုပ်နှောင်ထားရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ထို့နောက် လေးနိုင် (ခ) ဟာမက် (ခ) နှုတ်ခမ်းမွှေး၏ ထွက်ဆိုချက်အရ ည ၁၀  နာ ရီတွင် ရဲအုပ်ကျော်ဆန်းနှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မော်လမြိုင်မြို့ မြေနီကုန်းရပ်ကွက် မြို့ရှောင်လမ်း တည်းခိုခန်းတစ်ခုရှိ အခန်းအမှတ် (၁၀၈) တွင် တည်းခိုနေထိုင်လျက်ရှိသော ကရင်ပြည်နယ် မြဝတီမြို့ အမှတ် (၁) ရပ်ကွက် ခွန်ဆာဝင်း၊ အမှတ် B-2 နေအောင်ကျော်ထွန်း (ခ) အောင်ထွန်း (ခ) မူတူး ၄၅ နှစ် (ဘ) ဦးမောင်အောင်အား သွားရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ အောင်ကျော်ထွန်း (ခ) အောင်ထွန်း (ခ) မူတူး တည်းခိုသည့် အခန်းအတွင်း၌ မြင်းဖြူရုပ်တုပုလ္လင်ပါ ဉာဏ်တော် တစ်ပေခန့်ရှိ အင်္ဂတေဖြင့် ပြုလုပ်ထားသော ရွှေရောင်ထိုင်တော်မူ ဆင်းတုတော် တစ်ဆူ၊ ဉာဏ်တော် ခြောက်လက်မခွဲခန့်ရှိ သစ်သားဖြင့် ပြုလုပ်ထားသော ထိုင်တော်မူ ရွှေရောင်ဆင်းတုတော် တစ်ဆူ၊ ဉာဏ်တော် ခြောက်လက်မခန့်ရှိ သစ်သားဖြင့် ပြုလုပ်ထားသော ထိုင်တော်မူ ရွှေရောင်ဆင်းတုတော် တစ်ဆူ၊ ဉာဏ်တော် ငါးလက်မခန့်ရှိ သစ်သားဖြင့် ပြုလုပ်ထားသော ထိုင်တော်မူ ရွှေရောင်ဆင်းတုတော် တစ်ဆူ၊ ဉာဏ်တော် သုံးလက်မခန့်ရှိ ကျောက်စိမ်းဖြင့် ထုလုပ်ထားသော ထိုင်တော်မူ ဆင်းတုတော်တစ်ဆူ၊ ဉာဏ်တော် တစ်လက်မခွဲခန့်ရှိ သစ်သားဖြင့် ပြုလုပ်ထားသော ထိုင်တော်မူ သင်္ကန်းနက်ရောင် ဆင်းတုတော် တစ်ဆူ၊ ဉာဏ်တော် လေးလက်မခန့်ရှိ ရွှေရောင်အုတ်ခွက်ဘုရား ဆင်းတုတော် တစ်ဆူ၊ ဉာဏ်တော် လေးလက်မခန့်ရှိ ရှင်ဥပဂုတ္တမထေရ် ရွှေရောင်ရုပ်တုတော်တစ်ခု၊ ရပ်တော်မူပုံ ငါးလက်မခန့်ရှိ ရှင်သီဝလိရွှေရောင်ရုပ် တုတော်တစ်ခု၊ ခြသေ့ၤရုပ်ပုံရွှေရောင် အောက်ခံပုလ္လင် နှစ်ခုတို့အား ရှာဖွေသိမ်းဆည်း ရမိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

 

Most Read

Most Recent