သရေခေတ္တရာ ပျူခေတ်တွင် အသုံးပြုခဲ့သည့် သံချက်ဖိုကြီး ၁၀၀ ကျော်အားထိန်းသိမ်းရန် ဘတ်ဂျက်မရှိ၍ ပျက်စီးမှုများနှင့် ကြုံတွေ့နေရ

သရေခေတ္တရာ ပျူခေတ်တွင် အသုံးပြုခဲ့သည့် သံချက်ဖိုကြီး ၁၀၀ ကျော်အားထိန်းသိမ်းရန် ဘတ်ဂျက်မရှိ၍ ပျက်စီးမှုများနှင့် ကြုံတွေ့နေရ
Published 7 February 2018

ပေါက်ခေါင်းမြို့နယ် နွားသိုးတောင်တွင် တွေ့ရသည့် ပျူခေတ်လက်ရာ သံချက်ဖိုများကို လေ့လာနေသူအား ဖေဖော်ဝါရီ ၅ ရက်က တွေ့ရစဉ်

သရေခေတ္တရာ ပျူခေတ်တွင် အသုံးပြုခဲ့သည့် အရေအတွက် ၁၀၀ ကျော်ရှိနေသည့် သံချက်ဖိုကြီးများအား ထိန်းသိမ်းရန်အတွက် ဘတ်ဂျက်မရှိ၍ ပျက်စီးမှုများနှင့် ကြုံတွေ့နေရကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပြည်ဌာနစု) က သိရသည်။

အဆိုပါ ပျူခေတ်လက်ရာ သံချက်ဖိုကြီးများမှာ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ သရေခေတ္တရာ ပျူမြို့ဟောင်း တည်ရှိရာ ပြည်ခရိုင်အတွင်းရှိ တောင်စောင်းများတွင် တည်ရှိနေခြင်းဖြစ်ပြီး ရှာဖွေတွေ့ရှိထားသည့် စာရင်းများအရ သံချက်ဖို ၁၁၅ လုံးရှိကြောင်း ထပ်မံ၍လည်း တွေ့ရှိနိုင်ပြီး အများစုမှာ သဘာဝဘေးဒဏ်နှင့် လူ၊ တိရစ္ဆာန်များ၏ ဖျက်ဆီးမှုများကြောင့် ပျက်စီးမှုများ ရှိနေပြီး မူလပုံစံမပျက် တည်ရှိနေသည့် သံချက်ဖိုများမှာ အနည်းငယ်သာ ကျန်ရှိတော့ကြောင်း ယင်းဌာနက သိရသည်။

“ပျူခေတ်က အမွေအနှစ် နည်းပညာ ဆောက်လုပ်ခဲ့တဲ့ အတတ်ပညာတို့ ဗိသုကာ ပညာတို့ ဒါတွေက ကမ္ဘာ့အမွေအနှစ်ဖြစ်တဲ့ အတွက်ကြောင့် ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းချင်တယ်။ ထိန်းသိမ်းတဲ့ နေရာမှာလည်း တစ်ဖက်ထိန်းသိမ်းနည်းပညာ အတတ်ပညာလိုတယ်။ ဒါကြောင့် နိုင်ငံတော်ကနေပြီး ဘတ်ဂျက်ချပေးရင် ပိုပြီးလုပ်လို့ အဆင်ပြေမယ်။ အဲဒီလိုပဲ သံချက်ဖိုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာကသိအောင် ပြည်သူပြည်သားတွေ သိအောင်လုပ်ဖို့ အစီအစဉ်တွေက လမ်းညွှန်ဆိုင်းဘုတ်တွေ ကြေညာချက်တွေ နောက်ဒီလမ်းကို အချိန်မရွေး သွားလို့ရအောင် လမ်းတွေဖောက်ပေးရင် သံချက်ဖိုကြီးတွေက မိမိရဲ့အမွေအနှစ် တစ်ခုလိုပဲ။ ကမ္ဘာကသိရင် ပိုကောင်းတာပေါ့” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပြည်ဌာနစု) လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးမင်းက ပြောကြားသည်။

အဆိုပါ သံချက်ဖိုများထဲက သရေခေတ္တရာ ရှေးဟောင်းနယ်မြေ အတွင်းရှိ မြင်ဗာဟုတောင်ကြော၊ ဖိုးကြာမြောင်း အတွင်းရှိ သံချက်ဖိုများမှာ ပျက်စီးမှုနည်းပါးပြီး တစုတဝေးတည်း တည်ရှိနေသေးသောကြောင့် ထိန်းသိမ်းနိုင်ရန်အတွက် ၂၀၁၆ ခုနှစ်က နိုင်ငံတော်သို့ ဘတ်ဂျက်ငွေ သိန်း ၆၀ ခန့်မှန်းတင်ပြခဲ့သော်လည်း ချထားပေးခြင်း မရှိသောကြောင့် လအတန်ကြာမှ အမှိုက်ရှင်းလင်းမှု တစ်ကြိမ်သာ ပြုလုပ်ခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အရင်က လူတစ်ရပ် ကွက်တိပဲ။ ကျွန်တော်တို့လည်း လယ်ထွန်ရင်း သွားရင်းလာရင်း တွေ့တာပဲ။ ပထမတစ်ခေါက်တုန်းကတော့ စာနယ်ဇင်းတွေလို့ပြောတယ်။ အမျိုးသမီးတစ်ယောက် လာတာရှိတယ်။ သံချက်ဖိုလို့ ပြောသွားတယ်။ ဒါမျိုး ဗောဓိကုန်းနားမှာလည်း ရေးထားတာရှိတယ်။ ကလေးတွေက လည်းများတော့ ထုတောင်းပစ်တာတွေ ဘာတွေရှိတာပေါ့။ ဟိုတုန်းကတော့ ဂျိုထောင်လေးကို လူတစ်ရပ် ဘယ်လိုတွေ ထည့်လည်းတော့ မသိဘူး။ ကျွန်တော်တို့ဘက်မှာ တော်တော်များတယ်။ တောင်တန်းတွေဘက်မှာ များတယ်။ တခြားနေရာတွေကတော့ ပျက်ကုန်ပြီ။ ချောခဲနဲ့ ခွက်လောက်ပဲ ရှိတယ်။ ရိုးတွေထဲမှာလည်း ကြားတယ်” ဟု သံချက်ဖိုများ တွေ့ရှိရာ နွားသိုးတောင်အနီး ပေါက်ခေါင်းမြို့နယ်၊ ကွမ်းအုံအုပ်စုကျေးရွာမှ ဦးအောင်ငွေက ပြောကြားသည်။

သံချက်ဖိုများမှာ ပြည်မြို့နယ် မြင်ဗာဟု ဘုရားတောင်ကြော ကန်သုံးဆင့် တရားရိပ်သာအနီး၊ ပျဉ်းမအိုင်ကျေးရွာ အနီးနှင့် အခြားနေရာများ၊ ပေါက်ခေါင်းမြို့နယ်၊ နွားသိုးတောင် အပါအဝင် တောင်တန်းတောင်ကြော အနှံ့အပြား တွေ့ရှိရပြီး သရေခေတ္တရာ ပျူမြို့ဟောင်းလက်ထက် သံလက်နက် အသုံးအဆောင်ပစ္စည်းများ ပြုလုပ်ရန်အတွက် သံထည်ကုန်ကြမ်း ပစ္စည်းများကို သံချက်ဖိုများကနေ ချက်လုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent