ဟုမ္မလင်းမြို့နယ် နမ့်တောကျေးရွာတွင် တရားမဝင် သိမ်းဆည်းထားသော အမိုနီယမ်နိုက်ထရိတ် အိတ် ၂၀၀ ကျော် ဖမ်းဆီးရမိ

ဟုမ္မလင်းမြို့နယ် နမ့်တောကျေးရွာတွင် တရားမဝင် သိမ်းဆည်းထားသော အမိုနီယမ်နိုက်ထရိတ် အိတ် ၂၀၀ ကျော် ဖမ်းဆီးရမိ
Published 7 February 2018

တရားမဝင် သိမ်းဆည်းထားသော အမိုနီယမ်နိုက်ထရိတ် အိတ်များကို တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နမ့်တောကျေးရွာတွင် တရားမဝင် သိုလှောင်သိမ်းဆည်းထားသော အမိုနီယမ် နိုက်ထရိတ်အိတ် ၂၀၀ ကျော်ဖမ်းဆီးရမိကြောင်း သိရသည်။

နမ့်တောကျေးရွာနေ ကုန်တင်ကုန်ချ အလုပ်သမား တစ်ဦးထံမှ ဖေဖော်ဝါရီ ၄ ရက် ညနေ ၆ နာရီခွဲ အချိန်ခန့်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး မုံရွာမြို့နယ် ဟန်မျိုး(လူမမြင်ဖူး၊ နေရပ်လိပ်စာမသိ) ဆိုသူမှ ဖုန်းဖြင့် ဆက်သွယ်ကာ မြေဆီအိတ်များဟု ပြောဆို၍ ထိန်းသိမ်းပေးရန် ပေးပို့ခဲ့သော ပစ္စည်းများဖြစ်ကြောင်း သိရသည်။

အမှုဖြစ်စဉ်မှာ တရားလို ရဲအုပ်မျိုးမင်း ညွန့်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ ဟုမ္မလင်းမြို့နယ်၊ မိုင်းကိုင်းကျေးရွာအုပ်စု နမ့်တောကျေးရွာ ရွာဦးရပ်ကွက်နေ ဦးစန်း မောင်(ဘ)ဦးမြ၏ နေအိမ်တွင် အမိုနီယမ်နိုက်ထရိတ်များသိုလှောင်ထားကြောင်း သတင်းအရ သွားရောက်စစ်ဆးရှာဖွေခဲ့ရာ ဦးစန်းမောင်၏ နေအိမ်ခြံဝင်းအတွင်း နေအိမ်ရှေ့တွင် စုပုံကာ မိုးကာဖြင့် အုပ်ထားသည့် AMMONIUM NITRATE စာတန်းပါ အမိုနီယမ်နိုက်ထရိတ် တစ်အိတ်လျှင် ၄၀ ကီလိုဂရမ် အလေးချိန်ပါ ၂၂၄ အိတ်အား သက်သေများနှင့်အတူ ရှာဖွေတွေ့ရှိသဖြင့် ၎င်းနေရာတွင် ရှာဖွေပုံစံဖြင့် ရေးသွင်းသိမ်းဆည်းပြီး ခွင့်ပြုချက်မရှိဘဲ အမိုနီယမ် နိုက်ထရိတ်များအား တရားမဝင် လက်ဝယ်ထားရှိသူ ဦးစန်းမောင်အား ဟုမ္မလင်းမြို့နယ် မိုင်းကိုင်းနယ် မြေရဲစခန်းတွင် (ပ) ၅/၂၀၁၈၊ ၂၁၀၃ ခုနှစ် ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

အမိုနီယမ်နိုက်ထရိတ်များ ဖမ်းဆီးရမိသော နမ့်တောကျေးရွာနှင့် ဒေသတစ်ဝိုက်တွင် ရွှေတူးဖော်သော လုပ်ငန်းများကိုသာ လုပ်ကိုင်ကြပြီး အမိုနီယမ်နိုက်ထရိတ်များ အသုံးပြုသော လုပ်ငန်းများမရှိကြောင်း ဒေသခံများက ပြောကြားသည်။

Most Read

Most Recent