JICA က ခွင့်ပြုပေးသော ချေးငွေပမာဏအားလုံး၏ ရာခိုင်နှုန်း ၆၀ အား ချေးငွေအာမခံစနစ်ဖြင့် ခွင့်ပြုမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးသော ပြည်နယ်နှင့်တိုင်းဒေသကြီးများကို ဦးစားပေးမည်

JICA က ခွင့်ပြုပေးသော ချေးငွေပမာဏအားလုံး၏ ရာခိုင်နှုန်း ၆၀ အား ချေးငွေအာမခံစနစ်ဖြင့် ခွင့်ပြုမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးသော ပြည်နယ်နှင့်တိုင်းဒေသကြီးများကို ဦးစားပေးမည်
Published 7 February 2018

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လက်ဖက်ထုတ်လုပ်မှု လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)

JICA မှခွင့်ပြုပေးသော ချေးငွေပမာဏအားလုံး၏ ရာခိုင်နှုန်း ၆၀ အား ချေးငွေအာမခံစနစ်ဖြင့် ခွင့်ပြုမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးသော ပြည်နယ်နှင့်တိုင်းဒေသကြီးများကို ဦးစားပေးမည်ဖြစ်ကြောင်း အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် (SMIDB) က ထုတ်ပြန်ထားသည်။

အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်မှ JICA SME ချေးငွေရရှိပါက ခွင့်ပြုထုတ်ချေးနိုင်ရန်အတွက် အောက်ပါအချက်အလက်များနှင့်အညီ စတင်လျှောက်ထားနိုင်ကြောင်း သိရသည်။

အနည်းဆုံး လုပ်ငန်းလုပ်သက် သုံးနှစ်နှင့်အထက်ရှိ၍ လည်ပတ်နေသော SME လုပ်ငန်းဖြစ်ရမည်၊ အိမ်ခြံမြေ၊ ကျောက်မျက်ရတနာရောင်းဝယ်ခြင်း၊ ဖျော်ဖြေရေး၊ ပျော်ပွဲရွှင်ပွဲဆိုင်ရာလုပ်ငန်းများ၊ ဆေးလိပ်၊ အရက်၊ ဘီယာလုပ်ငန်း၊ လက်နက်ခဲယမ်းမီးကျောက်လုပ်ငန်းများ၊ လူမှုဆိုင်ရာတည်ငြိမ်မှုကို ထိခိုက်စေသောကဏ္ဍများနှင့်ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများအား ခွင့်ပြုထုတ်ချေးပေးမည်မဟုတ်ကြောင်း သိရသည်။

အဆိုပါချေးငွေအား လုပ်ငန်းသုံးစက်ပစ္စည်းများဝယ်ယူရန် (သို့) လုပ်ငန်းနှင့်ပတ်သက်သော အဆောက်အအုံများတိုးချဲ့ဆောက်လုပ်ရာတွင် အသုံးပြုရမည်ဖြစ်ပြီး လျှောက်ထားချေးငွေများကို JICA စည်းကမ်းချက်များနှင့် SMIDB ၏ ချေးငွေစည်းကမ်းချက်များနှင့် ကိုက်ညီမှသာ စိစစ်ခွင့်ပြုထုတ်ချေးပါကြောင်း သိရသည်။

CGI စနစ်ဖြစ်သည့်အတွက် မြန်မာ့အာမခံလုပ်ငန်းမှ သတ်မှတ်ထားသော ပရီမီယံကြေးကို ထပ်မံပေးသွင်းရပါမည်။ အာမခံပစ္စည်းမပါသည့် စနစ်ဖြစ်သည့်အတွက် ရှေ့အလားအလာကောင်း၍ နိုင်ငံတော်၏ကုန်ထုတ်ကဏ္ဍ တိုးတက်နိုင်ခြေရှိပြီး ဆုံးရှုံးနိုင်ခြေနည်းသော လုပ်ငန်းများကိုသာ ထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ ချေးငွေလျှောက်ထားရန် လိုအပ်ချက်အသေးစိတ်အား နီးစပ်ရာဘဏ်ခွဲများတွင် စုံစမ်းနိုင်ကြောင်း သိရသည်။

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (SME) လုပ်ကိုင်သည့်အဖွဲ့အစည်းတစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦးကို အများဆုံး ကျပ်သန်း ၃၀၀ အထိ ထုတ်ချေးမည်ဖြစ်ကြောင်းနှင့် ချေးငွေအာမခံလက်မှတ်ဖြင့် ထုတ်ချေးငွေကို လက်ရှိအချိန်တွင် ကျပ်သိန်း ၂၀၀ အထိသာ သတ်မှတ်ထားကြောင်း မြန်မာ့စီးပွားရေးဘဏ်က ထုတ်ပြန်ထားသည်။

ယင်းသို့ထုတ်ချေးရာတွင် အများဆုံးငွေကျပ်သန်း ၃၀၀ အထိ ထုတ်ချေးမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် ချေးငွေကို ပုံသေရင်းနှီးငွေ (Fixed Capital) အဖြစ် ရာခိုင်နှုန်း ၅၀၊ လှည့်လည်ရင်းနှီးငွေ (Working Capital) အဖြစ် ရာခိုင်နှုန်း ၅၀ အသုံးပြုရန် သတ်မှတ်ထားကြောင်း သိရသည်။

ချေးငွေအတွက် အာမခံအဖြစ် မရွှေ့မပြောင်းနိုင်သော မြေနှင့်အဆောက်အအုံများအပြင် ရွှေ့ပြောင်းနိုင်သည့် စက်၊ ယာဉ်၊ ယန္တရား၊ ရွှေထည်ပစ္စည်းနှင့် ရွှေတုံးများ၊ အပ်ငွေအမျိုးမျိုး၊ အစိုးရငွေတိုက်လက်မှတ်နှင့် ငွေတိုက်စာချုပ်များ၊ စတော့ရှယ်ယာ၊ ဒီဘင်ချာဘဏ်အာမခံ၊ အစိုးရအာမခံ၊ ချေးငွေအာမခံလက်မှတ် (Credit Guarantee Insurance) များကိုလည်း အာမခံအဖြစ် လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ CGI စနစ်ဖြင့် လက်ရှိအခြေအနေတွင် အများဆုံး ငွေကျပ်သိန်း ၂၀၀ အထိသာ သတ်မှတ်ထားကြောင်း ထုတ်ပြန်ထားသည်။

ချေးငွေပြန်လည်ပေးအပ်ရမည့် အစီအစဉ်တွင် SME လုပ်ငန်းများအတွက် ချေးငွေများကို သုံးနှစ်ဖြစ်ပါက တစ်နှစ်ဆိုင်းငံ့၊ နှစ်နှစ်အတွင်း လေးရစ်ဆပ်ဖြင့်လည်းကောင်း၊ လေးနှစ်ဖြစ်ပါက တစ်နှစ်ခြောက်လဆိုင်းငံ့၊ နှစ်နှစ်ခြောက်လအတွင်း ငါးရစ်ဆပ်ဖြင့်လည်းကောင်း၊ ငါးနှစ်ဖြစ်ပါက နှစ်နှစ်ဆိုင်းငံ့၊ သုံးနှစ်အတွင်း ခြောက်ရစ်ဆပ်ဖြင့်လည်းကောင်း ပေးဆပ်ရမည်ဖြစ်သည်။

ချေးငွေကျပ်သန်း ၁၀၀ အထိကို တိုင်းဒေသကြီး/ပြည်နယ် မန်နေဂျာရုံးမှလည်းကောင်း၊ ကျပ်သန်း ၁၀၀ အထက် လျှောက်ထားမှုများကို မြန်မာ့စီးပွားရေးဘဏ်ရုံးချုပ်မှလည်းကောင်း၊ စိစစ်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ချေးငွေလျှောက်ထားသူများသည် မိမိနေထိုင်ရာမြို့နယ် (သို့မဟုတ်) ခရိုင်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲများသို့ ဆက်သွယ်လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

Most Read

Most Recent