ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) အလှည့်ကျသဘာပတိနေရာအား ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) စတင်တာဝန်ယူ

ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) အလှည့်ကျသဘာပတိနေရာအား ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) စတင်တာဝန်ယူ
Published 6 February 2018

ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) အလှည့်ကျသဘာပတိနေရာအား ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) က စတင်တာဝန်ယူဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

CSSU အလှည့်ကျသဘာပတိနေရာကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) မှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) သို့ လွှဲပြောင်းခြင်း အစည်းအဝေးကို RCSS/SSA ၏ ဌာနချုပ် လွယ်တိုင်းလျန်းတွင် ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်ခဲ့သည်။

သို့ရာတွင် အဆိုပါအလှည့်ကျ သဘာပတိ တာဝန်လွှဲပြောင်းခြင်း အစည်းအဝေးသို့ အလှည့်ကျသဘာပတိအဖြစ် အဓိကတာဝန်ယူရမည့် SNDP ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းသည် ကျန်းမာရေးအခြေအနေအရ မတက်ရောက်နိုင်ခဲ့ဘဲ ပါတီအထွေထွေအတွင်းရေးမှူး စိုင်း ဘိုးအောင်အပါအဝင် ပါတီကိုယ်စားလှယ်ငါးဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရှမ်းပြည်နယ်၌ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲများ တားမြစ်ခံထားရသဖြင့် SNDP ပါတီအနေဖြင့် CSSU အလှည့်ကျ သဘာပတိတာဝန်ရယူပြီးနောက် မည်သို့ဆောင်ရွက်ရန်ရှိကြောင်း မေးမြန်းမှုအပေါ် စိုင်းဘိုးအောင်က “ကျွန်တော်တို့ လက်ရှိအခြေအနေပေါ် မူတည်ပြီးတော့ပေါ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားဖို့ ညှိနှိုင်းပြင်ဆင်ထားပါတယ်။ ကျွန်တော်တို့အဖွဲ့အစည်းရဲ့ ဦးတည်ချက်ကလည်း အဓိကအားဖြင့် ရှမ်းတိုင်းရင်းသားအရေး၊ ရှမ်းပြည်နယ်အရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကို အဓိက ဦးတည်ဆောင်ရွက်သွားဖို့ပါ” ဟု ပြောကြားသည်။

NCA စာချုပ်ပါလမ်းပြမြေပုံအရ အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများသည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ သွားရောက်ရန်အတွက် အဆင့်တစ်ဆင့်ဖြစ်သဖြင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများအား တိုင်းရင်းသားအချို့၊ ဒေသအချို့၌ အနည်းစုသာ ပြုလုပ်နိုင်ပါက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို အပြည့်အ၀ အထောက်အပံ့မဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။

CSSU တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ၊ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) ၊ ရှမ်းအရပ်ဘက်အဖွဲ့အစည်းများ စသည်တို့ပါဝင်ကာ ၂၀၁၃ ခုနှစ် အောက်တိုဘာတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး သဘာပတိ (ဥက္ကဋ္ဌ) တာဝန်ကို အက္ခရာအစဉ်လိုက် အလှည့်ကျတာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်သည်။

အဆိုပါ CSSU အဖွဲ့ဝင်များအနက် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) တွင် NCA လက်မှတ်ရေးထိုးရခြင်း မရှိသေးသည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၊ တရားဝင်နိုင်ငံရေးပါတီ ဖြစ်သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် SSA အသွင်ပြောင်း စိန်ကျော့ပြည်သူ့စစ်အဖွဲ့တို့ပါဝင်သည်။

CSSU အလှည့်ကျသဘာပတိအဖြစ် RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တာဝန်ယူနေစဉ်ကာလဖြစ်သည့် ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ တွင် CSSU အစည်းအဝေးအား ကျင်းပရန် စီစဉ်ခဲ့သော်လည်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးက ထိုင်းနိုင်ငံတာဝန်ရှိသူများထံ CSSU အစည်းအဝေးအား ကျင်းပခွင့်မပြုရန် ကန့်ကွက်တားမြစ်ခဲ့သဖြင့် ထိုစဉ်အချိန်က CSSU အစည်းအဝေးအား ပြုလုပ်နိုင်ခြင်း မရှိခဲ့ပေ။

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲများအား ရှမ်းပြည်နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားများနေထိုင်ရာ မြို့နယ်များတွင် NCA ရေးထိုးထားသည့် RCSS/SSA က ဦးဆောင်ကာ ရှမ်းနိုင်ငံရေးပါတီများ၊ ရှမ်းအဖွဲ့အစည်းများပူးပေါင်း၍ အဖွဲ့များခွဲပြီး လိုက်လံပြုလုပ်ရာတွင် တပ်မတော်၏တားမြစ်မှုကို ခံခဲ့ရပြီး နောက်ပိုင်းတွင် အုပ်ချုပ်ရေးပိုင်းကပါ တားမြစ်ခဲ့သည်။

ထိုသို့ ရှမ်းပြည်နယ်တွင်အကြိုလူထု တွေ့ဆုံပွဲများအား ကျင်းပခြင်းမပြုရန် တားမြစ်ခြင်းသည် လူထုတွေ့ဆုံပွဲများကျင်းပရန် အစိုးရနှင့် RCSS/SSA အကြား အစည်းအဝေးဆုံးဖြတ်ချက်မရှိခြင်း၊ အကြိုလူထုတွေ့ ဆုံပွဲများသည် CSSU ကော်မတီက ဦးဆောင် လုပ်ဆောင်နေခြင်းတို့ကြောင့်ဖြစ်သည်ဟု တပ်မတော်နှင့် နီးစပ်သူများက ထုတ်ဖော်  ပြောဆိုမှုများရှိသည်။

 

 

Most Read

Most Recent