<

ဖားကန့်-ကာမိုင်းလမ်းပိုင်းရှိ နန့်တိန်းကျေးရွာတွင် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ၁၂ ဘီးယာဉ်ပေါ်မှ ကျပ်သိန်း နှစ်သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်

ဖားကန့်-ကာမိုင်းလမ်းပိုင်းရှိ နန့်တိန်းကျေးရွာတွင် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် (၁၂) ဘီးယာဉ်ပေါ်မှ စံချိန်တင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ကာလတန်ဖိုး ကျပ်သိန်း နှစ်သောင်းကျော် တန်ဖိုးရှိ ဘိန်းဖြူဆပ်ပြာခွက် ၁၀၈၇ ခွက်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၁၆၄၅၀ ပြားတို့အား ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရမိသည့် အမှုဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၄ ရက် ညနေ ၄ နာရီခန့်က ဖားကန့်-ကာမိုင်းလမ်းပိုင်းရှိ နန့်တိန်းကျေးရွာတွင် မန္တလေးမှ ဖားကန့်ဘက်သို့ ယာဉ်မောင်း ဖြိုးကျော်ဆိုသူ မောင်းနှင်ပြီး ဂျီဟော်ဆိုသူ လိုက်ပါလာသော 9B/—- (၁၂)ဘီး ယာဉ်အား တပ်မတော်က စစ်ဆေးရှာဖွေရာ အဆိုပါယာဉ်ပေါ်တွင် ကုန်စုံပစ္စည်းများနှင့် ရောနှောတင်ဆောင်လာသည့် Ruby စီးကရက်ဂျက်ဖာ ခုနစ်ပုံးတွင် မသင်္ကာဖွယ် ဆပ်ပြာခွက်များ တွေ့ရှိရသည့်အတွက် မြို့နယ်ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ရာ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး အောင်ကျော်ဦးစီး၍ ရဲအုပ်မိုးမြင့်ဦး၊ မူးယစ်တပ်ဖွဲ့စု (၃) မှ ရဲအုပ်နေလင်းထွန်းတို့ ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်များသည် အဆိုပါလမ်းပိုင်းရှိ ကုန်တင်ယာဉ်အား ချက်ချင်းသွားရောက် စစ်ဆေးခဲ့ပြီး ယခုကဲ့သို့ မူးယစ်ဆေးဝါး အမြောက်အမြားအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“လမ်းပိုင်းမှာ တပ်ကရှာဖွေတဲ့အချိန်မှာ တွေ့တာ။ ဆပ်ပြာခွက်တွေကိုမြင်တော့ ကျွန်တော်တို့ရဲတပ်ဖွဲ့ကို လှမ်းပြီးအကြောင်းကြားတယ်။ ဒုမြို့နယ်မှူးရယ်၊ ကျွန်တော်ရယ်၊ မူးယစ်တပ်ဖွဲ့ရယ် အဲဒီကို ချက်ချင်းလိုက်သွားပြီးတော့ ဖမ်းဆီးခဲ့တာဖြစ်တယ်။ ဘိန်းဖြူက ဆပ်ပြာခွက် ၁၀၀၀ ကျော်မိတယ်။ စိတ်ကြွဆေးပြားက နှစ်သိန်းကျော်မိပါတယ်။ တရားခံတွေကိုတော့ အမှုဖွင့် တိုင်တန်းထားတယ်။  ကွင်းဆက် တရားခံတွေကိုလည်း လိုက်နေပါတယ်။ ဒီမူးယစ်ဆေးဝါးတွေက အရမ်းများပြားတဲ့အတွက် စံချိန်တင် ဖမ်းမိတယ်လို့လည်း ပြောလို့ရပါတယ်” ဟု ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်မိုးမြင့်ဦးက ပြောကြားသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ ဘိန်းဖြူတစ်ခွက်လျှင် ၁၀ ဂရမ်ခန့်စီပါ ရောင်စုံဆပ်ပြာခွက် ၁၀၈၇ ခွက်၊ ဘိန်းဖြူအလေးချိန် ၁၀ ဒသမ ၈၇ ကီလိုဂရမ်ခန့်၊ ဒေသပေါက်ဈေး တစ်ကီလိုလျှင် ကျပ်သိန်း ၉၅၀ နှုန်းဖြင့် စုစုပေါင်း ကာလတန်ဖိုး ကျပ် ၁၀၃၂၆ ဒသမ ၅ သိန်းအားလည်းကောင်း၊ ၈၈/၁ စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား တစ်ထုပ်လျှင် ၁၉၅ ပြားပါ အထုပ်သေး ၃၀ စီပါ မှိုင်းခံ စက္ကူအထုပ်ကြီး ၃၇ ထုပ်၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၂၁၆၄၅၀ ပြား၊ ဒေသပေါက်ဈေး တစ်ပြားလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ကာလတန်ဖိုး ကျပ် ၁၀၈၂၂ ဒသမ ၅ သိန်းအား လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများမှာ မန္တလေးမြို့မှ ယာဉ်ပိုင်ရှင်ဖြစ်သူ အိုက်စံဆိုသူမှ တင်ဆောင်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည့်အတွက် အိုက်စံအား ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့နေအိမ်၌ ဖမ်းဆီးခဲ့ကြောင်း၊ သို့ဖြစ်၍ မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိရသူ ဖြိုးကျော် (၂၅ နှစ်)၊ ဂျီဟော် (၄၃ နှစ်) တို့နှစ်ဦးနှင့် အိုက်စံ(၃၇ နှစ်) အား ဖားကန့်မြို့မရဲစခန်းတွင် မယ (ပ)၃၇/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ဖြင့် အမှုဖွင့်ခဲ့ပြီး ဖားကန့်မြို့မှ ကွင်းဆက်တရားခံအား ဆက်လက်စုံစမ်းလျက် ရှိကြောင်း သိရသည်။

 

February 5, 2018














Copy Protected by Chetan's WP-Copyprotect.