ကျိုက်မရောမြို့နယ် ငပူအင်းကျေးရွာရှိ ဒေါင်ဒင်အင်းတွင် ငါးဖမ်းပွဲတော်ကျင်းပခဲ့ပြီး လူထောင်နှင့်ချီ၍ ငါးဖမ်းပွဲတော်သို့ လာရောက်ဆင်နွှဲ

ကျိုက်မရောမြို့နယ် ငပူအင်းကျေးရွာရှိ ဒေါင်ဒင်အင်းတွင် ငါးဖမ်းပွဲတော်ကျင်းပခဲ့ပြီး လူထောင်နှင့်ချီ၍ ငါးဖမ်းပွဲတော်သို့ လာရောက်ဆင်နွှဲ
Published 6 February 2018

ဒေါင်ဒင်အင်းရှိ ငါးဖမ်းပွဲတော်တွင် လာရောက်ငါးဖမ်းကြသူများအား တွေ့ရစဉ်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ငပူအင်းကျေးရွာရှိ ဒေါင်ဒင်အင်းတွင် ဖေဖော်ဝါရီ ၅ ရက် နံနက် ၇ နာရီမှ စတင်ကာ အင်းအတွင်း ငါးဖမ်းပွဲတော်ကို ပြုလုပ်ခဲ့ပြီး လူထောင်ပေါင်းများစွာမှ ငါးဖမ်းပွဲတော်သို့ လာရောက် ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဒေါင်ဒင်အင်းငါးဖမ်းပွဲတော်ကို ဘိုးစဉ်ဘောင်ဆက် အစဉ်အလာအရ တစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိကြောင်း၊ ငါးဖမ်းပွဲတော်သို့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ မုဒုံမြို့နယ်၊ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့မှ စီးပွားဖြစ်ငါးဖမ်းသူများ၊ ငါးဖမ်းဝါသနာရှင်များ လာရောက်ဖမ်းကြလေ့ရှိကြောင်း ကျိုက်မရောမြို့နယ် ကျုံကွယ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောကြားသည်။

“ဒီငါးဖမ်းပွဲကို တစ်နှစ်တစ်ခါ ပုံမှန်ပေါ့နော်။ ဘိုးစဉ်ဘောင်ဆက်ရှိလာခဲ့တဲ့ အင်းပေါ့နော်။ ဒီအင်းကို အနီးအနားရွာတွေဖြစ်တဲ့ ငပူအင်း၊ ကော့စပ်၊ ကျုံကွယ်ကျေးရွာတွေက အလှည့်ကျ တာဝန်ယူပြီး ဒီပွဲကိုဆောင်ရွက်ပေးပါတယ်။ ဒီဒေါင်ဒင်အင်းမှာ ငါးဖမ်း ပွဲတော်လုပ်မယ့်အကြောင်းကို ဖိတ်စာနဲ့ ကြိုတင်ကမ်းပေးပါတယ်။ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မွန်ပြည်နယ်ကဆိုရင် ကျိုက်မရောမြို့နယ် အစုံပေါ့။ ဒီနေ့ ဒီရက်လုပ်မယ်ဆိုတော့ လှေ တွေဘာတွေနဲ့ ဒီအင်းကို လာကြတယ်။ ဒီမှာ စင်တွေဘာတွေထိုးပြီးတော့ ငါးဖမ်းကြပါတယ်” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ငါးဖမ်းပွဲတော် မလုပ်ခင်မှာ ရိုးရာအစဉ်အလာ ဓလေ့ထုံးစံအရ နန်းတော်ပုံလုပ်ပေးရတယ်။ ဆင်ထိန်း နေရာ လုပ်ပေးရတယ်။ ဆင်ချည်တိုင်လုပ်ပေးရတယ်။ ဆင်စွယ်တွေ ဘာတွေလုပ်ပေးရတယ်။ ဒီအင်းထဲမှာက ဒေသခံငါးတွေအများ ဆုံးရှိပါတယ်။ ငါးဖမ်းပွဲကို ဒီအင်းထဲမှာ ရေကိုချိန်ပြီးတော့ ရက်သတ်မှတ်ရပါတယ်။ ရက်အတိအကျတော့မရှိဘူး။ တစ်နှစ်တစ်မျိုး ပြောင်းပါတယ်။ ဒီနှစ်ကတော့ တပို့တွဲလပြည့် ကျော် ၅ ရက်ကို လုပ်ဖြစ်ပါတယ်။ အင်းထဲက ငါးတွေကို ဒီနေ့ကစပြီးတော့ အင်းထဲမှာ ရေ ခန်းတဲ့အထိကို ဖမ်းကြပါတယ်။ တန်ခူးလ ဆိုရင်တော့ ဒီအင်းက ရေခန်းပါပြီ။ အဲ့ဒီအချိန်အထိတော့ ငါးလာဖမ်းကြတယ်။ ထူးခြားမှုက ဒီအင်းမှာ နတ်စာကျွေးတဲ့အချိန်မှာ ငါး ကြီးတစ်ကောင် ထပွက်တာမျိုးရှိပါတယ်။အရင်နှစ်တွေထက်စာရင် ဒီနှစ်က ငါးလာ ဖမ်းတဲ့လူတွေရော၊ လာကြည့်ကြတဲ့လူတွေရော တော်တော်များပါတယ်” ဟု ပြောကြားသည်။

“ကျွန်တော်တို့က ဒီငါးဖမ်းပွဲကိုမနက် ၈ နာရီမှာ စလုပ်ဖို့ စီစဉ်ထားပေမယ့် လူတွေက များတာရယ်။ ငါးတွေကပွက်နေတာရယ်နဲ့ ထိန်းမရဘူးဖြစ်သွားတယ်။ မနက် ၇ နာရီလောက်ကစပြီးတော့ ငါးစပြီးဖမ်းနေကြပါတယ်။ ငါးလာဖမ်းတဲ့လူတွေက တစ်ဦးတစ် ယောက်ကိုပဲ ၁၀ ပိဿာ၊ ပိဿာ၂၀ ရကြ ပါတယ်။ အနည်းဆုံးလေး၊ ငါးပိဿာလောက် ရကြပါတယ်။ ဒဏ္ဍာရီအရက ဒီနေရာက နန်းတော်ဖြစ်ခဲ့တဲ့နေရာပေါ့။ အဲဒီမှာ အုပ်စိုးတဲ့ ဘုရင်ကမြေမျိုပြီးတော့ ဒီအင်းကြီးဖြစ်လာတယ်ဆိုပြီး ဆိုရိုးရှိခဲ့ပါတယ်” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

“ငါးတွေကတော့ အသေးလေးတွေများတယ်။ ခါတိုင်းနှစ်ထက်စာရင် ဒီနှစ်က ငါးရပိုများပါတယ်။ ငါးတွေကတော့ ငါးသံချိတ်တို့ ၊ ငါးစင်ရိုင်းတို့၊ ငါးခုံးမတို့၊ ငါးနုသန်းတွေ၊ ငါးဖယ်လေးတွေရှိပါတယ်။ ငါးကြီးကြီးတွေကိုတော့ ရကြတဲ့သူတွေ ရကြပါတယ်။ ငါးရံ့ တို့၊ ငါးဘတ်တို့ ရကြတဲ့သူတွေလည်းရှိပါတယ်” ဟု ကျိုက်မရောမြို့နယ် ဖနုံကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။

“အင်းထဲမှာမြေကြီးပုံနှစ်ပုံရှိတယ်။ တစ်ပုံကစပါးပုံနဲ့နောက်တစ်ပုံက ကောက်ညှင်းပုံဆိုပြီးတော့ပေါ့။ အင်းတစ်ဖက်မှာဆိုရင် ရက်ကန်းစင်တို့ဘာတို့ရှိတယ်။ နောက်ဘုရင့်နန်းတော်တွေလည်းရှိခဲ့တယ်။ သူ့ ဒဏ္ဍာရီက ဘုရားရှင်ဆွမ်းခံကြွတဲ့အချိန်မှာဒီမှာရှိတဲ့ ဘုရင်က တံတွေးထွေးချလို့ အဲဒီဘုရင်မြေမျိုပြီးတော့ ဒီအင်းကြီးဖြစ်လာတယ် ဆိုပြီး ပြောကြတယ်။ ဒီအင်းမှာရေနောက်နေရင် မုဒုံကန်ကြီးက ရေတွေလည်း နောက်တယ်ဆိုပြီး ဆိုရိုးရှိပါတယ်” ဟုငါးဖမ်းပွဲတော်သို့ လာရောက်သည့် ကျိုက်မရောမြို့နယ် ရေ ပူသရက်ကုန်းရွာခံတစ်ဦးဖြစ်သူ ဒေါ်သန်းရင်စိန်က ပြောကြားသည်။

ရှေးယခင်ကဒေါင်ဒင်မြို့၏ ရှင်ဘုရင်ကြီးက ဘာသာရေးကို အယုံအကြည်မရှိသောကြောင့် ရဟန်းတော်များအား၊ ဆွမ်းမလောင်းရန် တိုင်းသူပြည်သားများကို မိန့်ကြားထားခဲ့ကြောင်း၊ တစ်နေ့သော အချိန်၌ ဒေါင်ဒင်မြို့ အစွန်းတွင် သီတင်းသုံးနေထိုင်သည့် ရဟန်း တော်တစ်ပါးဆွမ်းခံံကြွလာသည်ကို ရွာသူ၊ ရွာသားများက ဘုရင်ကြီးမှာထားသည့်အတိုင်း ဆွမ်းမလောင်းကြဘဲ သပိတ်ထဲသို့ တံတွေးများသာ ထွေးလောင်းခဲ့ကြကြောင်း၊ ရဟန်းတော်မှာ ဆက်လက်ဆွမ်းခံထွက်လာစဉ် အဘိုး၊ အဘွားနေအိမ်တစ်ခုအရောက်တွင် အဘိုး၊ အဘွားမှဆွမ်းလောင်းရန် သပိတ်အား ကြည့်လိုက်စဉ် တံတွေးများသာတွေ့၍ တံတွေးများပြည့်နေသည့် သပိတ်ကို ဆေးပေးပြီး ဆွမ်းများလောင်းလှူခဲ့ကြောင်း၊ ထိုသို့ ဆွမ်းလောင်းလှူမှုအပြီးတွင် ရဟန်းတော်က အဘိုး၊ အဘွားကိုဒေါင်ဒင်မြို့မှ အမြန်ဆုံး ထွက်ပြေးရန် မိန့်ကြားပြီး ထိုရဟန်းတော်မှာ တန်ခိုးပြပျောက်ကွယ်သွားကြောင်း၊ ထို့နောက် ဒေါင်ဒင်မြို့ကြီးသည် ရေများလွှမ်းမိုးကာ အင်းဖြစ်သွားပြီး ဘာသာတရား အယုံအကြည်မရှိသော ရှင်ဘုရင်နှင့် ရဟန်းတော်အား တံတွေးများ လောင်းခဲ့သည့် ရွာသူ၊ ရွာ သားများမှာ အင်းထဲ၌ ငါးများဖြစ်ကုန်ကြသည်ဟု ဒေသခံများအကြား ဒဏ္ဍာရီစကား ရှိနေခဲ့သည်။

Most Read

Most Recent