ပခုက္ကူမြို့ အမှတ်(၃)ရပ်ကွက် (၃) လမ်းအနီး လမ်းနံဘေးတွင် ရက်သားအရွယ် မိန်းကလေးတစ်ဦးအား လာရောက် စွန့်ပစ်မှုဖြစ်ပွားပြီး အဆိုပါ ကလေးအား ပညာရေးဝန်ထမ်း ဇနီးမောင်နှံက တရားဝင်မွေးစား

ပခုက္ကူမြို့ အမှတ်(၃)ရပ်ကွက် (၃) လမ်းအနီး လမ်းနံဘေးတွင် ရက်သားအရွယ် မိန်းကလေးတစ်ဦးအား လာရောက် စွန့်ပစ်မှုဖြစ်ပွားပြီး အဆိုပါ ကလေးအား ပညာရေးဝန်ထမ်း ဇနီးမောင်နှံက တရားဝင်မွေးစား
Published 6 February 2018

ပခုက္ကူမြို့ အမှတ် (၃)ရပ်ကွက် (၃)လမ်း နှင့် သီတာလမ်းထောင့်အနီး လမ်းနံဘေးတွင် ယခုဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းက ရက်သားအရွယ် မိန်းကလေး တစ်ဦးအား လာရောက်စွန့်ပစ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် တာဝန်ရှိသူများထံမှ သိရသည်။

အမှတ်(၃)ရပ်ကွက် ၃ လမ်းအနီး နေထိုင်သူများက နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် ကလေးငိုသံကြား၍ သွားရောက်ကြည့်ရှုရာ အနှီးဖြင့် ထွေးလျက် ချက်ကြိုးအား ကလစ်ဖြင့် ညှပ်ထားသည့် ရက်သားအရွယ် ကလေးအား တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပခုက္ကူမြို့ ပြည်သူ့ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

စွန့်ပစ်ခံရသည့် ကလေးငယ်နှင့် ပတ်သက်၍ မွေးစားခွင့်တောင်းဆိုသူ လေးဦးရှိခဲ့ပြီး မွေးစားခွင့်နှင့် ပတ်သက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပြီးနောက် သားသမီး မရှိသည့် ပညာရေးဝန်ထမ်း ဇနီးမောင်နှံအား မွေးစားခွင့်ပြုခဲ့ကြောင်း သိရသည်။

“မနက် ၆ နာရီလောက်မှာ စွန့်ပစ်ခံရတဲ့ ကလေးတွေ့တဲ့အကြောင်း ပြောလာတဲ့အတွက် သွားကြည့်တယ်။ ကလေးက အသက်ရှင်လျက်ပဲ။ အဲဒီနောက် ရဲစခန်းကို အကြောင်းကြားပြီး ဆေးရုံမှာ အပ်ထားလိုက်တယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ကလေးကို မွေးစားလိုသူတွေထဲက သေချာပြုစု စောင့်ရှောက်နိုင်မယ်လို့ ယူဆရတဲ့ ကျောင်းဆရာ ဦးသိန်းထွန်းမြင့်တို့ကို စာချုပ်စာတမ်းနဲ့ ခိုင်ခိုင်မာမာ မွေးစားခွင့် ပေးလိုက်ပါတယ်” ဟု ပခုက္ကူမြို့ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုမောင်မောင်အောင်က ပြောကြားသည်။

မိန်းကလေးငယ်အား မွေးစားခွင့်ရသည့် မိသားစုက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ကလေးအခြေအနေအား လအလိုက် သွားရောက်တင်ပြရမည်ဖြစ်ပြီး ကလေးငယ်အား သေချာပြုစုနိုင်ခြင်း မရှိပါက လူမှုဝန်ထမ်း ဦးစီးဌာနမှ ကလေးငယ်အား ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent