မြိတ်မြို့တွင် ပင်လယ်ဘက်သို့ မျက်နှာမူထားသည့် Sea View Condo စီမံကိန်းဆောက်လုပ်ခွင့်ကို တိုင်းဒေသကြီးအစိုးရက မူအားဖြင့် ဆောက်လုပ်ခွင့်ပေးထားသော်လည်း မြေယာပိုင်ဆိုင်မှု၊ အခွန်ကိစ္စများပြီးပြတ်မှ တရားဝင်ပါမစ်ရရှိမည်ဖြစ်ကြောင်း သိရ

မြိတ်မြို့တွင် ပင်လယ်ဘက်သို့ မျက်နှာမူထားသည့် Sea View Condo စီမံကိန်းဆောက်လုပ်ခွင့်ကို တိုင်းဒေသကြီးအစိုးရက မူအားဖြင့် ဆောက်လုပ်ခွင့်ပေးထားသော်လည်း မြေယာပိုင်ဆိုင်မှု၊ အခွန်ကိစ္စများပြီးပြတ်မှ တရားဝင်ပါမစ်ရရှိမည်ဖြစ်ကြောင်း သိရ
Published 6 February 2018

Sea View Condo စီမံကိန်းဆောက်လုပ်ရေးလုပ်ငန်းခွင်ကို တွေ့ရစဉ်

မြိတ်မြို့တွင် တည်ဆောက်နေသည့် အမြင့်ဆုံး ၃၂ ထပ် ပါဝင်ပြီး အဆောက်အအုံ ၁၂ လုံးရှိမည့် ပင်လယ်ဘက်သို့ မျက်နှာမူထားသည့်  Sea View Condo စီမံကိန်း ဆောက်လုပ်ခွင့်ကို တိုင်းဒေသကြီးအစိုးရမှ မူအားဖြင့် ဆောက်လုပ်ခွင့်ပေးထားသော်လည်း မြေယာပိုင်ဆိုင်မှု၊ အခွန်ငွေပေးသွင်းရန် ကိစ္စများပြီးပြတ်မှ တရားဝင်ပါမစ်ရရှိ မည်ဖြစ်ကြောင်း သိရသည်။

မြိတ်မြို့ ကမ်းနားလမ်း၌ တည်ဆောက်နေသည့်  Sea View Condo စီမံကိန်းကြီးမှာ မြန်မာနိုင်ငံတွင် ပင်လယ်ဘက်သို့ မျက်နှာမူထားသော ပထမဆုံး ကွန်ဒိုစီမံကိန်းကြီးတစ်ခုဖြစ်ပြီး အဆိုပါစီမံကိန်းအတွက် MIC မှ ရင်းနှီးမြှုပ်နံှခွင့် ဒေါ်လာ ၁၇၃ သန်းခွင့်ပြု ထားကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံခွင့် ကျထားသော်လည်း ဆောက်လုပ်ခွင့်ရရှိရန် စုပေါင်းမြေယာအဖြစ် ပြောင်းလဲခြင်း၊ အခွန်ဦးစီးဌာနသို့ ပေးသွင်းရန်ရှိသည့် ငွေများက တွက်ချက်နေခြင်း စသည့် အချက်များ ကျန်သေးပြီး အဆိုပါ ကိစ္စများပြီးပြတ်ပါက တိုင်းဒေသကြီးအစိုးရသို့ တင်ပြသွားရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်နေမှုကို မူအားဖြင့် ခွင့်ပြုထားသော်လည်း တိုင်းဒေသကြီးအစိုးရစီမံခန့်ခွဲမှု ကော်မတီမှ ခွင့်ပြုချက်ရသည်နှင့် စတင်တည်ဆောက်ခွင့်ကို တရားဝင်ရရှိမည်ဖြစ်ကြောင်း သိရသည်။

“အနောက်က အဆောက်အအုံအတွက် အခု ကျွန်တော်တို့ မြေယာပိုင်ဆိုင်မှုဂရန်ကို စုပေါင်းဂရန်အဖြစ် ပြောင်းနေပါတယ်။ စုပေါင်းမြေအဖြစ် ပြောင်းပြီးဖြစ်တဲ့အကြောင်းရယ်၊ သက်ဆိုင်ရာအလိုက် အခွန်တွေပေးသွင်းပြီးဖြစ်ကြောင်း အချက်အလက်တွေ ပြည့်စုံပြီဆိုရင် ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြပေးသွားမှာပါ။ ဒါတွေ ပြီးသွားရင် ကွန်ဒို Face-1 ကို သတ်မှတ်ထားတဲ့ နှစ်နှစ်အတွင်းအချိန်နှင့် တစ်ပြေးညီ တည်ဆောက်သွားမှာပါ။ လက်ရှိအနေအထားမှာတော့ တိုင်းဒေသကြီးအစိုးရက ကျွန်တော် တို့ကို မူအားဖြင့် ခွင့်ပြုပေးထားပြီးဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခွင့်ရနေပါတယ်။ ဒါပေမဲ့ တရားဝင်ပါမစ်ကြီးအနေနှင့် မြေယာပြောင်းလဲမှု ကျန်နေတာပေါ့။ ဒါကိုလည်း ကျွန်တော်တို့အချိန်နဲ့ တစ်ပြေးညီ ဆောင်ရွက်နေပါတယ်”  ဟု Sea View Condo စီမံကိန်းဒါရိုက်တာ ဦးဟန်ထူးအောင်က ပြောကြားသည်။

အဆိုပါ စီမံကိန်းတွင် Shop House များ၊ အဆင့်မြင့် လူနေကွန်ဒိုတိုက်ခန်းများ၊ကစားကွင်းများ၊ လမ်းလျှောက်ဈေးများ၊ ပန်း ခြံ၊ ရေကူးကန်၊ ကျန်းမာရေးစင်တာ၊ ရှော့ ပင်းစင်တာနှင့် လူသုံးကုန်/စားသောက်ကုန်များ စသဖြင့် တစ်နေရာတည်းနှင့်အပြီး ရရှိစေမည့် အဆင့်မြင့်လူနေမှုစနစ်များကို ဖန်တီးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ စုပေါင်းမြေအဖြစ် ပြောင်းနေတယ်ဆိုတာကလည်း အခွန်သွင်းဖို့ အခွန်ဦးစီးဌာနမှာ တွက်ချက်နေပါပြီ။ အခွန်ဦးစီးဌာနက အကြောင်းပြန်လာတဲ့ အခွန်ငွေကို ကျွန်တော်တို့က နိုင်ငံတော်ကို ပေးသွင်းပြီးတာနဲ့ ဒီမြေယာပိုင်ဆိုင်မှုရဲ့ လုပ်ငန်းစဉ်က ပြီးပြတ်ပါပြီ။ ကျွန်တော်တို့အနေနဲ့ တစ်လပိုင်းအတွင်းမှာ ရလိမ့်မယ်လို့ မျှော်လင့်ပြီး ဆောင်ရွက်ခဲ့တာတွေရှိပါတယ်။ EIA/SIA ရီပို့တွေ၊ ပြန်လည်ပြင်ဆင်ဖို့ လိုအပ်နေတာတွေကို ရေးပြီး နေပြည်တော်ကိုတင်ပြထားပါတယ်။ အဲဒီအထဲက လိုအပ်နေတဲ့အချက်လေးတွေ ရှိနေသေးတာကြောင့် ပြန်လည်ပြင်ဆင်ဖို့ ကျလာပါတယ်။ ဒီအချက်တွေကို ပြန်ပြင်ဆင်ပြီးတင်ပြသွားနိုင်ရင် တော့ပြည့်စုံပါပြီ။ ဒါဆိုရင် လုပ်ငန်းဆောင်ရွက်လို့ရပါပြီ” ဟု စီမံကိန်းဒါရိုက်တာ ဦးဟန်ထူးအောင်က ပြောကြားသည်။

လက်ရှိအနေအထားတွင် စည်ပင်ကော်မတီမှ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်နေသည့် အနောက်ဘက်ရှိ ကွန်ဒို ၁၂ လုံးကိုလည်း သတ်မှတ်ကာလတွင်း အပြီးတည်ဆောက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဒေသခံလုပ်ငန်းရှင်များနှင့် မြန်မာ နိုင်ငံနေရာအနှံ့အပြားမှ ငွေကြေးတတ်နိုင်သူများက ကြိုတင်အခန်းမှာယူထားမှုများရှိနေသလို မြိတ်မြို့တွင် ပထမဆုံးဖြစ်လာမည့် ကွန်ဒိုဖြစ်သည့်အတွက် ဒေသခံများက စိတ်ဝင်စားမှုရှိနေကြောင်း သိရသည်။

“ကျွန်တော့်အနေနဲ့ ဒီဒေသမှာမွေး၊ ဒီဒေသမှာပဲသေမှာဖြစ်တဲ့အတွက် အားလုံး မျက်နှာပျက်စေမယ့် အလုပ်မျိုးမလုပ်ပါဘူး။ ကျွန်တော့်အနေနဲ့ ငွေကြေးတစ်ခုတည်း ရလိုမှုနဲ့ လုပ်မှာမဟုတ်ပါဘူး။ ရရှိလာမယ့် အကျိုးအမြတ်တွေကိုလည်း ကျွန်တော်တို့ ဒေသမှာ ပြန်လည်ရင်းနှီးမြှုပ်နှံပေးဖို့ ရှယ်ယာရှင်တွေကို ကျွန်တော်အစည်းဝေးတိုင်းမှာပြောထားပါတယ်” ဟု ပြည်ဖြိုးထွန်း အင်တာနေရှင်ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးလှသန်းက ပြောကြားသည်။

Sea View Condo စီမံကိန်းတွင် ၂၂ ထပ်မှ ၃၂ အထိပါဝင်မည့်အထပ်မြင့် ကွန်ဒို အဆောက်အအုံ ၁၂ လုံးပါဝင်ကာမြေဧက ၂၇ ဧကပေါ်တွင် တည်ဆောက် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည်။

အဆိုပါစီမံကိန်းကို ယန်စီမြစ် (တရုတ်) ကုမ္ပဏီနှင့် ပြည်ဖြိုးထွန်းကုမ္ပဏီတို့ ပူးပေါင်း အကောင်ထည်ဖော်မည်ဖြစ်ပြီး EIA/SIA အထိ ပြည်သူများကို ချပြဆောင်ရွက်ထားပြီး ဖြစ်ရာ အခွန်ကိစ္စနှင့် စုပေါင်းမြေယာပိုင်ဆိုင်မှုကိစ္စများ ကျန်ရှိနေသေးကြောင်း သိရသည်။

Most Read

Most Recent