<

ကျပ်ရှစ်သိန်းခွဲခန့်အကုန်အကျခံပြီး ထိုင်းနိုင်ငံအတွင်းအလုပ်လုပ်ကိုင်ရန် MoU လုပ်သားအဖြစ် သွားရောက်ခဲ့သော်လည်း စာချုပ်ပါအတိုင်း လုပ်ကိုင်ရခြင်းမရှိ၍ အလုပ်သမား ၃၂ ဦး နေရပ်ပြန်ရောက်လာ

MoU စာချုပ်ပါအတိုင်း လုပ်ကိုင်ရခြင်းမရှိသဖြင့် နေရပ်သို့ပြန်လာရသည့် ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်

ကျပ်ရှစ်သိန်းခွဲခန့်  အကုန်အကျခံပြီး ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ရန် MoU လုပ်သားအဖြစ် သွားရောက်ခဲ့သော်လည်း စာချုပ်ပါအတိုင်း လုပ်ကိုင်ရခြင်းမရှိဘဲ ကြမ်းတမ်းခက်ထန်သော သစ်ခွဲစက်တွင် လုပ်ကိုင်ရသဖြင့် လူငယ်လူရွယ် အမျိုးသမီးငယ်များ လုပ်ကိုင်နိုင်ခြင်းမရှိဘဲ နေရပ်မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၅ ရက်က ပြန်လည်ရောက်ရှိလာခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံသား အလုပ်သမားများမှာ ထိုင်းနိုင်ငံအတွင်း သစ်အချောထည်လုပ်ငန်းတွင် လုပ်ရမည်ဟု ရန်ကုန်မြို့ ပင်လုံခန်းမတွင် ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီဖြစ်သော  စတားပိုင်အိုးနီးယားကုမ္ပဏီ နှင့် စာချုပ်ချုပ်ဆိုကာ သွားရောက်ခဲ့ခြင်းဖြစ် သည်ဟု ပြန်ရောက်လာသူများက ပြောကြားသည်။

“ကျွန်တော်တို့ကို စာချုပ်တုန်းက သစ်အချောထည်လုပ်ငန်းမှာ လုပ်ရမယ်လို့သာ ပြောဆိုစာချုပ်ခဲ့တာပါ။ အခုလို မြို့နဲ့ဝေးတဲ့ တောထဲမှာ သစ်လုံးတွေခွဲတဲ့သစ်ခွဲစက်မှာလုပ်ရမယ်လို့သိခဲ့ရင် ဘယ်သွားပါ့မလဲ။ အခုတော့ မြေ၀ိုင်းကို ပေါင်သူပေါင်၊ အတိုးနဲ့ ချေးသူကချေး အတော်ဒုက္ခရောက်ကြပါပြီ။ ကျွန်တော်တို့ ကုန်ကျငွေတွေကို ပြန်လည် တောင်းဆိုသွားလို့ အဆင်မပြေရင်တော့ သက်ဆိုင်ရာကို တိုင်ကြားသွားမှာဖြစ်ပါတယ်”ဟု မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ နယ် တင်ပလ္လင်ခွေကျေးရွာမှ ကိုထိန်လင်း အောင်က ပြောကြားသည်။

မြန်မာ-ထိုင်းနယ်စပ် မြ၀တီချစ်ကြည်ရေးတံတားမှ ဇန်န၀ါရီ ၁၀ ရက်တွင် လုပ်သား ၉၇ ဦး ထွက်ခွာသွားပြီး နော့ခေါစီထန်မရမြို့နယ် တောစပ်တွင်ရှိသော သစ်ခွဲစက်ရုံတွင် လုပ်ကိုင်ရသည်ဟု ဆိုသည်။

“တစ်နေ့ ဘတ်၃၀၀ ရသော်လည်း တကယ်အလုပ်လုပ်ရတော့ မတန်ဘူး။ အရမ်းပင်ပန်းတယ်။ အသက်အန္တရာယ်ရှိတယ်။ ဒါကြောင့် ပြန်လာကြတာပါ”ဟု နေရပ်ပြန် ရောက်လာသူ ကိုလေးနိုင်က ပြောကြားသည်။

ပြန်ရောက်လာသူများတွင် အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၄ ဦးပါဝင်ပြီး အမျိုးသမီး များမှာ လုံးဝလုပ်နိုင်ခြင်း မရှိသည့်လုပ်ငန်းလည်းဖြစ်သည်ဟု ဆိုသည်။

“အလုပ်သမားအကုန်လုံးက ပြန်လာချင်ကြပါတယ်။ မလုပ်နိုင်ကြဘူး။ သို့ပေမဲ့ ပြန်သွားရင် ပတ်စ်ပို့စာအုပ်တွေ ဖျက်ဆီးခံရ မယ်ဆိုလို့ တချို့နေခဲ့ကြပါတယ်။ အခု ပြန် လာတဲ့သူတွေမှာ မရှိမဲ့ရှိမဲ့ ချေးငှားပေါင်နှံ သွားခဲ့ကြတာတွေပါ။ ခြံဝိုင်းတွေကိုပေါင်ပြီး သွားတာမို့ မိသားစုဘ၀ အခက်အခဲကိုယ်စီနဲ့ပါ”ဟု နေရပ်ပြန်ရောက်လာသူ ဇင်ကိုဦးက ပြောကြားသည်။

ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာခြင်းကြောင့် ထိုင်းနိုင်ငံသို့ ထွက်ခွာလုပ်ကိုင်သူ အများအပြားရှိလာကာ စာချုပ်ပါအတိုင်း လုပ်ကိုင်ရခြင်း မရှိခြင်း၊ ထိုင်းနိုင်ငံအတွင်း အလုပ်မရခြင်းတို့ကြောင့် ယခင် ၂၀၁၇ ခုနှစ်ကလည်း  ပြန်လာသူအများ အပြားရှိခဲ့သည်။

February 5, 2018














Copy Protected by Chetan's WP-Copyprotect.