ဘင်္ဂလားဒေ့ရှ်သို့ မောင်တောနယ်စပ်ကုန်သွယ်ရေးဖြင့် ကုန်တင်ပို့မှုများပြားလာခဲ့သဖြင့် ဇန်နဝါရီလအတွင်း အမေရိကန်ဒေါ်လာ ၁၉ သိန်းဖိုး တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ဒီဇင်ဘာလထက် အမေရိကန်ဒေါ်လာခြောက်သိန်းကျော်ဖိုး ပိုမိုတင်ပို့နိုင်ခဲ့

ဘင်္ဂလားဒေ့ရှ်သို့ မောင်တောနယ်စပ်ကုန်သွယ်ရေးဖြင့် ကုန်တင်ပို့မှုများပြားလာခဲ့သဖြင့် ဇန်နဝါရီလအတွင်း အမေရိကန်ဒေါ်လာ ၁၉ သိန်းဖိုး တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ဒီဇင်ဘာလထက် အမေရိကန်ဒေါ်လာခြောက်သိန်းကျော်ဖိုး ပိုမိုတင်ပို့နိုင်ခဲ့
Published 6 February 2018

ဘင်္ဂလားဒေ့ရှ်သို့ မောင်တောနယ်စပ် ကုန်သွယ်ရေးဖြင့် ကုန်တင်ပို့မှုများပြားလာခဲ့သဖြင့် ဇန်နဝါရီအတွင်း အမေရိကန်ဒေါ်လာ ၁၉ သိန်းဖိုး တင်ပို့နိုင်ခဲ့ပြီး ယခင် ဒီဇင်ဘာထက် အမေရိကန်ဒေါ်လာ ခြောက်သိန်းကျော်ဖိုး ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း မောင်တော နယ်စပ်ကုန်သွယ်ရေးညွန်ကြားရေးမှူးရုံးမှ သိရှိရသည်။

ဒီဇင်ဘာလအတွင်း မောင်တောနယ်စပ် ကုန်သွယ်ရေးဖြင့် ပို့ကုန်သီးသန့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၄၃  ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သော်လည်း ဇန်နဝါရီတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ သန်းထိ တိုး မြှင့်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးတွင် မောင်တောနယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန်တစ်ခုတည်းကိုသာဆောင်ရွက် နေခြင်းဖြစ်ပြီး ဇန်နဝါရီလတွင် ဆန်ပမာဏ များပြားစွာ တင်ပို့လာရခြင်းကြောင့် ယင်းသို့ ကုန်သွယ်မှုတိုးတက်လာရခြင်းဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။

“ဇန်နဝါရီလကစပြီး ဆန်တင်ပို့မှုအား ကောင်းလာတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ဒီဘက်ကပို့သမျှ ဆန်ဝယ်နေတဲ့ အနေအထားဖြစ်ပါတယ်” ဟု မောင်တောနယ်စပ် ကုန်သည်တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလထဲတွင် ပို့ကုန် ပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာသန်း ပေါင်း ၁ ဒသမ ၄၇၉ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မောင်တောနယ်စပ်ကုန်သွယ်ရေးမှ ပုံမှန်ကုန်သွယ်မှုရှိနေပြီး အများဆုံးပို့ကုန်မှာ ဆန်ပို့ကုန်အများဖြစ်ဆုံးဖြစ်နေကြောင်း သိရသည်။ အကြမ်းဖက်ဖြစ်စဉ်ကြောင့် ရပ်နားခဲ့သည့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ အောက်တိုဘာ ၁၄ ရက်မှစကာ ပြန်လည်ကုန်သွယ်မှုပြုနေခြင်းဖြစ်ပြီး အောက်တိုဘာ ၁၄ ရက်မှ အောက်တိုဘာ ၃၁  ရက်အထိ ပို့ကုန်အမေရိကန် ဒေါ် လာသုံးသိန်းကျော်ဖိုး တင်ပို့ခဲ့သည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးဖြင့် ဇူလိုင်လအတွင်း ဆန်အပါအဝင် စုစုပေါင်း ပို့ကုန် တန်ဖိုးအမေရိကန်ဒေါ်လာတစ်သန်း ကျော်ဖိုးခန့် တင်ပို့နိုင်ခဲ့ကြောင်းနှင့် သြဂုတ်လ ပထမအပတ်အတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသုံးသိန်းကျော်ဖိုးရှိခဲ့ကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုတည်းမှ ဆန်တင်ပို့မှုပမာဏမှာ ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ဆန်တန်ချိန် ၁၆၁၄၄ တန်ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဆန်တင်ပို့မှုမှ ရရှိသည့်ဝင်ငွေမှာ အမေရိကန် ဒေါ် လာငါးသန်းခွဲခန့်ဖိုးရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မောင်တောနယ်စပ်ကုန်သွယ်ရေးဖြင့် ဆန်ကိုတစ်နေ့လျှင် စက်လှေ ငါးစင်းခန့် တင်ပို့နေရကြောင်း သိရသည်။ ယင်းသို့ ဆန်တင်ပို့မှု ပမာဏတိုးတက်လာသဖြင့် ဇန်နဝါရီလအတွင်း ကုန်သွယ်မှုပမာဏ တိုးတက်လာခဲ့ကြောင်း သိရသည်။

Most Read

Most Recent