အစိုးရ၏ ဘတ်ဂျက်လိုငွေဖြည့်ဆည်းရန် ဗဟိုဘဏ်က ငွေတိုက်လက်မှတ်များ လေလံတင်ရောင်းချရာတွင် ပုဂ္ဂလိကဘဏ်များ ဝယ်ယူမှု ၂၃ ရာခိုင်နှုန်းကျော်သာရှိပြီး ၇၆ ရာခိုင်နှုန်းကျော်ကို နိုင်ငံပိုင်ဘဏ်များက ဝယ်ယူ

အစိုးရ၏ ဘတ်ဂျက်လိုငွေဖြည့်ဆည်းရန် ဗဟိုဘဏ်က ငွေတိုက်လက်မှတ်များ လေလံတင်ရောင်းချရာတွင် ပုဂ္ဂလိကဘဏ်များ ဝယ်ယူမှု ၂၃ ရာခိုင်နှုန်းကျော်သာရှိပြီး ၇၆ ရာခိုင်နှုန်းကျော်ကို နိုင်ငံပိုင်ဘဏ်များက ဝယ်ယူ
Published 6 February 2018

အစိုးရငွေချေးသက်သေခံလက်မှတ်များ ဈေးနှုန်းဖြစ်ပေါ်မှုကို Secondary Market ဖြစ်သော ရန်ကုန်စတော့အိတ်ချိန်းတွင် ဖော်ပြထားမှုကို တွေ့ရစဉ်

ပြည်ထောင်စုအစိုးရအဖွဲ့ ဘတ်ဂျက်လိုငွေဖြည့်ဆည်းရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေတိုက်လက်မှတ်များ လေလံတင် ရောင်းချရာတွင် ပုဂ္ဂလိကဘဏ်များက ဝယ်ယူမှု ၂၃ ဒသမ ၈၀ ရာခိုင်နှုန်းသာ ရှိနေပြီး  နိုင်ငံပိုင်ဘဏ်များက ဝယ်ယူမှုမှာ ၇၆ ဒသမ ၀၆ ရာခိုင်နှုန်းအထိ ဝယ်ယူထားရကြောင်း သိရသည်။

လက်ရှိအချိန် မြန်မာနိုင်ငံတွင် အစိုးရ၏ ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်အထိ ပြည်တွင်းကြွေးမြီမှာ အစိုးရငွေတိုက်စာချုပ် ကျပ် ၃၃၈၆ ဒသမ ၁ ဘီလျံ၊ အစိုးရငွေတိုက် လက်မှတ် ကျပ် ၉၅၉ ဒသမ ၇ ဘီလျံကျော်နှင့် ဗဟိုဘဏ်မှ ငွေချေးယူခြင်းအဖြစ် ကျပ် ၁၃၆၅၈ ဒသမ ၂ ဘီလျံအထိ ဖြစ်ပေါ်နေသည်။

ပြည်ထောင်စုအစိုးရအဖွဲ့အပ်ငွေစာရင်း၏ လိုငွေဖြည့်ဆည်းရန် အစိုးရငွေတိုက်စာချုပ်များ ဈေးပြိုင်စနစ်ဖြင့် ရောင်းချရာတွင် နိုင်ငံတော်ပိုင်ဘဏ်များက ၇၆ ဒသမ ၀၆ ရာ ခိုင်နှုန်းအထိ ဝယ်ယူထားပြီး ပုဂ္ဂလိကဘဏ်များက ၂၃ ဒသမ ၈၀ ရာခိုင်နှုန်းသာ  ဝယ်ယူထားကာ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများက လုံး၀၀ယ်ယူထားမှု မရှိကြောင်းနှင့် နိုင်ငံခြားဘဏ်များက ၀ ဒသမ ၁၃ ရာခိုင်နှုန်း ဝယ်ယူထားသည်။

သို့သော် အစိုးရငွေတိုက်လက်မှတ်များ လေလံတင်ရောင်းချရာတွင်မူ နိုင်ငံတော်ပိုင်ဘဏ်များက ၄၂ ဒသမ ၅၆ ရာခိုင်နှုန်းသာ ဝယ်ယူထားပြီး ပုဂ္ဂလိကဘဏ်များက ၅၂ ဒသမ ၈၃ ရာခိုင်နှုန်းအထိ ဝယ်ယူထားကာ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများက ၄ ဒသမ ၃၇ ရာခိုင်နှုန်းနှင့် နိုင်ငံခြားဘဏ်များက ၀ ဒသမ ၂၃ ရာခိုင်နှုန်း ဝယ်ယူထားကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေချေးယူခြင်းနှင့် လိုငွေဖြည့်ဆည်းခြင်းများကို လျှော့ချနိုင်ရန်နှင့် ပြည်တွင်းငွေကြေး ဈေးကွက်ဖွံ့ဖြိုးတိုးတက်စေရန် ဈေးကွက်ကို အခြေခံသည့် အစိုးရငွေချေးသက်သေခံလက်မှတ်စနစ်သို့ ပြောင်းလဲသည့် အစီအစဉ်များအဖြစ် ၂၀၁၅ ခုနှစ် ဇန်နဝါရီတွင် အစိုးရ ငွေတိုက်လက်မှတ်များကို ဈေးပြိုင်စနစ်ဖြင့် စတင်ရောင်းချခဲ့ပြီး အစိုးရငွေတိုက်စာချုပ်များ (Treasury Bonds) များကို ၂၀၁၆ ခုနှစ် စက်တင်ဘာတွင် ဈေးပြိုင်စနစ်ဖြင့် စတင်ရောင်းချခဲ့ကြောင်း သိရသည်။

လက်ရှိအစိုးရသစ်၏ ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ပြည်ထောင်စုအစိုးရအပ်ငွေ စာရင်း၏လိုငွေကို ဖြည့်ဆည်းပေးနိုင်ရန် ပြည်တွင်းကြွေးမြီ ကျပ် ၇၁၃၄ ဒသမ ၆ ဘီလျံ ချေးယူခဲ့ပြီး ပြန်လည်ရွေးနုတ်ခြင်း ကျပ် ၄၈၃၉ ဒသမ ၁ ဘီလျံဖြစ်သဖြင့် အသားတင် ဖြည့်ဆည်းသည့် ချေးယူမှုမှာ ကျပ် ၂၂၉၅ ဒသမ ၅ ဘီလျံအထိ ရှိနေသည်။

အစိုးရငွေတိုက်လက်မှတ်များကို လက်ရှိတွင် သုံးလ၊ ခြောက်လနှင့် တစ်နှစ် သက်တမ်းများဖြင့် ရောင်းချပေးနေခြင်းဖြစ်ပြီး ဈေးပြိုင်စနစ်ဖြင့် ရောင်းချရာတွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၈ ရက်မှ ၂၀၁၇ ခုနှစ် မတ် လ ၃၀  ရက်အထိ ၅၁ ကြိမ် လေလံ ခေါ်ယူခဲ့ပြီး လက်ရှိတွင် ၆၆ ကြိမ်အထိ ရောက်ရှိလာပြီဖြစ်သည်။

လက်ရှိအစိုးရလက်ထက်တွင် ဘတ် ဂျက်လိုငွေများ စံချိန်တင်မြင့်မားနေပြီး ယခင် အစိုးရလက်ထက်ငါးနှစ်သက်တမ်းအတွင်း လိုငွေ ကျပ် ဘီလျံ ၈၀၂၈ သာရှိခဲ့သော်လည်း လက်ရှိအစိုးရလက်ထက်တွင် ကနဦးစာရင်း များအရလိုငွေမှာကျပ် ဘီလျံ ၁၀၀၀၀ ကျော် အထိ ဖြစ်ပေါ်နေပြီး ၂၀၁၇- ၂၀၁၈ ဘဏ္ဍာ နှစ်တွင် ဘတ်ဂျက်လိုငွေကျပ် ၆၄၇၀ ဘီလျံ အထိ ဖြစ်ပေါ်နေသည်။

Most Read

Most Recent