အကြောင်းအမျိုးမျိုးဖြင့် ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်နေကြသူများ နိုင်ငံအတွင်းပြန်လည်ဝင်ရောက်လာပါက ကူညီစောင့်ရှောက်မှုပေးနိုင်ရေးအတွက် သင့်လျော်သည့်မူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို ပြည်သူ့လွှတ်တော်တွင် မှတ်တမ်းအဖြစ်သာ ထားရှိ

အကြောင်းအမျိုးမျိုးဖြင့် ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်နေကြသူများ နိုင်ငံအတွင်းပြန်လည်ဝင်ရောက်လာပါက ကူညီစောင့်ရှောက်မှုပေးနိုင်ရေးအတွက် သင့်လျော်သည့်မူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို ပြည်သူ့လွှတ်တော်တွင် မှတ်တမ်းအဖြစ်သာ ထားရှိ
Published 6 February 2018

ဖေဖော်ဝါရီ ၅ ရက်က နေပြည်တော်တွင်ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)

အကြောင်းအမျိုးမျိုးဖြင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသူများ နိုင်ငံ အတွင်း ပြန်လည်ဝင်ရောက်လာပါက ကူညီ စောင့်ရှောက်မှု ပေးနိုင်ရေးအတွက် သင့်လျော်သည့် မူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်တွင် မှတ်တမ်းအဖြစ်သာ ထားရှိခဲ့ကြောင်း သိရသည်။

မိုင်းရယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော် တင်သွင်းသည့် အကြောင်းအမျိုးမျိုးဖြင့် နိုင်ငံ ပြင်ပသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြရသော မြန်မာနိုင်ငံသားများသည် ပြည်ပ နိုင်ငံများ၏ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ၊ မူဝါဒများနှင့် အခြားသော အကြောင်းရပ်တို့ကြောင့် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ရလျက် ရှိနေသဖြင့် ၎င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးနှင့် နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာကြပါက ထိရောက်သော ကူညီစောင့်ရှောက်မှုပေးနိုင် ရေးအတွက် သင့်လျော်သည့် မူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို နေပြည်တော်၌ ဖေဖော်ဝါရီ ၅ ရက် ကပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ၁၂ ရက် မြောက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကာ မှတ်တမ်းအဖြစ် ထားရှိခဲ့ခြင်းဖြစ်သည်။

“အတည်ပြုသင့်တဲ့ ကိစ္စမျိုးဆို အတည် ပြုပေးရမယ်။ အဲဒါမှ အစိုးရကလည်း မလုပ်လို့ ရသေးတဲ့ဟာဆို နေဦးမယ်ပုံစံမျိုးဖြစ်တယ်။ အဆိုကို အတည်ပြုလိုက်ရင် မဖြစ်မနေ လုပ်ကိုလုပ်ရမယ်ဆိုတာဖြစ်မယ်။ ဒါက အများနဲ့ ဆွေးနွေးစဉ်းစားဆုံးဖြတ်တဲ့ ကိစ္စ ဖြစ်တယ်။ အစိုးရဆိုရင် သူ့တစ်ဖွဲ့တည်းနဲ့ ပြည်သူ့အမြင်တွေ မပါသေးဘူး။ ကိုယ်စားလှယ်တွေ အမြင်မပါသေးဘူး။ လွှတ်တော်ထဲမှာ ဆွေးနွေးလိုက်ရင် အမြင်သဘောထားတွေ ကျယ်ပြန့်သွားတယ်။ အတည်ပြုသင့်တဲ့ ကိစ္စမျိုးကို လွှတ်တော်က ရဲရဲရင့်ရင့် အတည်ပြုပေးရမယ်။ ဒါကျွန်တော့်အမြင်ပေ့ါနော်။ ဝန်ကြီးဌာနက လုပ်နေတယ်ဆိုတာလည်း ကြားလည်း ကြားနေတယ်။ နယ်စပ်ကနေ ဝင်လာတဲ့သူတွေကို ကူညီပေးတယ်။ သက်ဆိုင်ရာဒေသအထိရောက်အောင် ကူညီပေးတယ်ဆိုတာ ကြားလည်းကြားပါတယ်။ ဒါပေမဲ့ ဒီကိစ္စက ဒီလောက်နဲ့ မပြီးဘူး။ ဒီလောက်နဲ့ မလုံ လောက်ဘူး။ သက်ဆိုင်ရာဒေသကို ရောက်လာမယ်။ အလုပ်အကိုင် အခွင့်အလမ်းက လိုသေးတယ်။ နောက်ဆုံး တဝဲ၀ဲလည်လည်နဲ့ ပြန်ထွက်သွားရတယ်။ တကယ်လို့ ဝန်ကြီးဌာနက ထိရောက်တဲ့ ကူညီစောင့်ရှောက်မှုပေးရင် ဒါတွေ တော်တော်လေးလျော့သွားမယ်။ ဒါပေမဲ့ ခုထက်ထိတော့ ဒီကိစ္စတွေက ရှိနေတုန်းပဲ”ဟု အဆိုရှင် ဦးစိုင်းသီဟကျော်က ပြောကြားသည်။

အဆိုပါ အကြောင်းအမျိုးမျိုးဖြင့် နိုင်ငံ ပြင်ပသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြရသော မြန်မာနိုင်ငံသားများသည် ပြည်ပ နိုင်ငံများ၏ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ၊ မူဝါဒများနှင့် အခြားသော အကြောင်းရပ်တို့ကြောင့် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ရလျက် ရှိနေသဖြင့် ၎င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးနှင့် နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာကြပါက ထိရောက်သော ကူညီစောင့်ရှောက်မှုပေးနိုင်ရေးအတွက် သင့်လျော်သည့် မူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးက ဆွေးနွေးခဲ့ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လွှတ်တော်တွင် မှတ်တမ်းအဖြစ်သာထားရှိရန် ရှင်းလင်း ပြောကြားသည်။

အဆိုရှင် ဦးစိုင်းသီဟကျော်က အဆိုကို အတည်ပြုရန် ထပ်မံဆွေးနွေးခဲ့သောကြောင့် ပြည်သူ့လွှတ်တော်တွင် စက်ခလုတ်နှိပ် မဲခွဲခဲ့ရာ အတည်ပြုရန် ထောက်ခံမဲ ၁၆၈ မဲနှင့် မှတ်တမ်းအဖြစ်ထားရန် ထောက်ခံမဲ ၂၀၄ မဲရှိသောကြောင့် မှတ်တမ်းအဖြစ် ထားရှိခဲ့ ခြင်းဖြစ်သည်။

 

 

Most Read

Most Recent