ဇန်နဝါရီလအတွင်း တစ်နိုင်ငံလုံး၌ လူကုန်ကူးမှု ၂၃ မှုရှိပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မှာ လူကုန်ကူးခံရမှု အများဆုံးဖြစ်ပွားသည့်ဒေသဖြစ်

ဇန်နဝါရီလအတွင်း တစ်နိုင်ငံလုံး၌ လူကုန်ကူးမှု ၂၃ မှုရှိပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မှာ လူကုန်ကူးခံရမှု အများဆုံးဖြစ်ပွားသည့်ဒေသဖြစ်
Published 6 February 2018

၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း တစ်နိုင်ငံလုံး၌ လူကုန်ကူးမှု ၂၃ မှုရှိပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှာ လူကုန်ကူးခံရမှု အများဆုံးဖြစ်ပွားသည့် ဒေသများဖြစ်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဇန်နဝါရီလအတွင်း ဖော်ထုတ်အရေးယူနိုင်ခဲ့သည့် လူကုန်ကူးခံရမှုများမှာ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တွင် ကိုးမှု၊ မန္တလေးတိုင်းဒေသကြီးတွင် နှစ်မှု၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့ တွင် တစ်မှုစီ စုစုပေါင်း ၂၃ မှုရှိကြောင်း သိရသည်။

လူကုန်ကူးခံရမှုဖြစ်စဉ်များတွင် လူကုန်ကူးခံရသူ ၃၃ ဦးအထိရှိကြောင်း သိရပြီး အမျိုး သမီး ၃၀၊  ကလေးငယ်နှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ကို လူကုန်ကူးသူများထံမှ ပြန်လည် ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

လူကုန်ကူးမှုဖြစ်စဉ်များအနက် တရုတ် နိုင်ငံသို့ အဓမ္မလက်ထပ်ရန်အတွက် လူကုန်ကူးမှုမှာ ၁၇ မှုအထိရှိပြီး ပြည်တွင်း၌ ပြည့်တန်ဆာအဖြစ်ခိုင်းစေရန် လူကုန်ကူးမှုငါးမှု နှင့် အဓမ္မစေခိုင်းမှုတစ်မှုတို့ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း လူကုန်ကူးမှု ၂၂၆ မှုဖြစ်ပွားခဲ့ပြီး တရုတ်မယားအဖြစ် အဓမ္မလက်ထပ်ရန် လူကုန်ကူးမှုမှာ သုံးပုံတစ်ပုံကျော်အထိရှိကြောင်း မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

မြန်မာနိုင်ငံမှ အခြားနိုင်ငံများသို့ ဦးတည်၍ လူကုန်ကူးမှုများအနက် တရုတ်နိုင်ငံသို့ လူကုန်ကူးမှုမှာ ၁၆၃ မှုအထိရှိပြီး ယင်းအမှုထဲမှ  တရုတ်မယားအဖြစ် အဓမ္မလက်ထပ်ရန်စေခိုင်းမှုမှာ ၁၅၃ မှုအထိရှိကြောင်း သိရသည်။ ယင်းအပြင် ပြည်တွင်း၌ လူကုန်ကူးမှု ၄၈ မှု၊ ထိုင်းနိုင်ငံသို့လူကုန်ကူးမှု ၁၃ မှု၊ မလေးရှားနိုင်ငံသို့ လူကုန်ကူးမှုတစ်မှု စသည်တို့ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာလအတွင်း ဖြစ်ပွားသည့် လူကုန်ကူးမှု ၂၂၆ မှု အနက် လူကုန်ကူးခံရသူ ၃၄၇ ဦးကို လူကုန်ကူးသူများထံမှ ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး တရားခံပေါင်း ၆၄၈ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့သို့ လူကုန်းကူးခံရနေရကြောင်း ဆက်သွယ် အသိပေးအကြောင်းကြားခြင်း မရှိသဖြင့် လူကုန်ကူးခံရမှုမှ ပြန်လည်ကယ်ဆယ်နိုင်ခြင်း မရှိသေးသည့် အမှုများစွာနှင့် လူကုန်ကူးခံရသူ များစွာရှိနေသေးကြောင်း  သိရသည်။

Most Read

Most Recent