ရခိုင်၊ ချင်း၊ ကချင်ပြည်နယ် အပါအဝင် တိုင်းဒေသကြီး၊ပြည်နယ် ၁၀ခုရှိ ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲများအတွက် သားဖွားဆရာမ ၁၀၀၀ ကျော် ခန့်အပ်မည်

ရခိုင်၊ ချင်း၊ ကချင်ပြည်နယ် အပါအဝင် တိုင်းဒေသကြီး၊ပြည်နယ် ၁၀ခုရှိ ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲများအတွက် သားဖွားဆရာမ ၁၀၀၀ ကျော် ခန့်အပ်မည်
Published 6 February 2018

ရခိုင်၊ ချင်း၊ ကချင်ပြည်နယ် အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် ၁၀ ခုရှိ ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေး ဌာနခွဲများအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သားဖွားဆရာမဦးရေ ၁၀၄၆ ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း  သိရသည်။

အဆိုပါ သားဖွားဆရာမများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ နေပြည်တော်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ ကျေးလက်ကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် ခန့်အပ်သွားမည်ဖြစ်ကြောင်းနှင့် လက်ရှိ အဆိုပါရာထူးနေရာအတွက် လိုအပ်သည့် အချက်အလက်များကို နိုင်ငံပိုင်သတင်းစာများတွင် ကြေညာထားပြီး လျှောက်လွှာများ ခေါ်ယူထားကြောင်း သိရသည်။

ဝန်ကြီးဌာနအနေဖြင့် လက်ရှိတွင် သားဖွားဆရာမများအတွက် သားဖွားသိပ္ပံဘွဲ့ပေးအပ်နိုင်ရန်စီစဉ်နေပြီး လုပ်ငန်းခွင်ရှိ သားဖွားဆရာမများ၊ ကျန်းမာရေးကြီးကြပ် (၂) အစရှိသည့် အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် လက်တွေ့လုပ်ငန်းခွင် မွမ်းမံသင်တန်း များကိုလည်း စတင်ရန်ဆောင်ရွက်နေကြောင်း၊ သူနာပြု/သားဖွားများ၏ ဝတ်စုံစရိတ်၊ စားစရိတ်များကို ခေတ်ကာလနှင့် လျော်ညီအောင် ပြင်ဆင်ပြောင်းလဲခဲ့ပြီးဖြစ်ကြောင်း နှင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ အစိုးရပြည်သူ့ဆေးရုံများ၌ သူနာပြုဝန်ထမ်း အင်အားနည်းပါးနေခြင်းကြောင့် ဒီဇင်ဘာလတွင် သစ်လွင်သူနာပြုများကို ထပ်မံတိုးမြှင့် ခန့်ထားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

၂၀၁၇ခုနှစ် နှစ်ဆန်းပိုင်းအထိ တစ်နိုင်ငံလုံးတွင် ဆေးရုံပေါင်း ၁၁၂၃ ရုံ၊ သူနာပြု ဝန်ထမ်းအင်အား အနေဖြင့် ခွင့်ပြု ၃၇၇၀၄ ဦး၊ ခန့်ထား ၂၀၆၈၃ ဦးရှိပြီး လစ်လပ် ၁၇၀၂၁ ဦးရှိကြောင်းနှင့် အစိုးရပြည်သူ့ဆေးရုံများ၌ သူနာပြုဝန်ထမ်းအင်အား နည်းပါးနေပြီး အ လုပ်မဝင်ရောက်သူဦးရေ များပြားလာသောကြောင့် ၂၀၁၅ ခုနှစ်မှစ၍ သူနာပြုများကို ဘွဲ့၊ ဒီပလိုမာ အောင်လက်မှတ်ချီးမြှင့်စဉ်မှာပင် တစ်ပြိုင်နက် နိုင်ငံ့ဝန်ထမ်းအဖြစ် အလုပ်ခန့်စာကို ပေးအပ်ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် သူနာပြုတက္ကသိုလ် နှစ်ခု၊ သူနာပြု၊ သားဖွားနှင့် နှီးနွှယ်ကျောင်း ၅၀ တို့ မှ မြန်မာနိုင်ငံအတွက် လိုအပ်လျက်ရှိသော သူနာပြုနှင့် သားဖွားများကို မွေးထုတ်လျက်ရှိကြောင်း၊ လက်ရှိအချိန်အထိ သူနာပြု ၃၅၀၀၀ ကျော်နှင့်သားဖွားဆရာမ ၃၇၀၀၀ ကျော် လေ့ကျင့်မွေးထုတ်ပေးပြီးဖြစ်ကြောင်းနှင့် တက္ကသိုလ်နှင့် သင်တန်းကျောင်းအသီးသီးတွင် သင်တန်းသား ၉၀၀၀ကျော် သင်တန်း တက်ရောက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent