မြန်မာ့တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် သပ်လျှိုသွေးခွဲနေသူများအား ဆန့်ကျင်ရှုတ်ချပွဲ မိုင်ဒါကွင်းတွင်ပြုလုပ်ပြီး လူအင်အား သောင်းဂဏန်းခန့် တက်ရောက်ခဲ့

မြန်မာ့တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် သပ်လျှိုသွေးခွဲနေသူများအား ဆန့်ကျင်ရှုတ်ချပွဲ မိုင်ဒါကွင်းတွင်ပြုလုပ်ပြီး လူအင်အား သောင်းဂဏန်းခန့် တက်ရောက်ခဲ့
Published 5 February 2018

မြန်မာ့တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် သပ်လျှိုသွေးခွဲနေသူများအား ဆန့်ကျင်ရှုတ်ချပွဲ မိုင်ဒါကွင်းတွင် ပြုလုပ်စဉ်

မြန်မာ့တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် သပ်လျှိုသွေးခွဲနေသူများအား ဆန့်ကျင်ရှုတ်ချပွဲကို ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ မိုင်ဒါကွင်း (မြို့မကွင်း) တွင် ပြုလုပ်ခဲ့ရာ မြန်မာ့တပ်မတော်အား ထောက်ခံသူသောင်းနှင့်ချီ တတ်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သပ်လျှိုသွေးခွဲနေသူများအား ဆန့်ကျင်ရှုတ်ချပွဲကို တပ်မတော်ချစ်မြတ်နိုးသူများအဖွဲ့က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး အခမ်းအနားမစတင်မီ ကရင်ပြည်နယ် လူငယ်ဒုံးယိမ်းအဖွဲ့မှ ဒုံးယိမ်းအကဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်အလံကို အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုကာ အခမ်းအနားစတင်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ရဟန်းရှင်လူများက သက်ဆိုင်ရာ နေရာအသီးသီးတွင် နေရာယူခဲ့ကြကြောင်း သိရသည်။

“ပွဲလုပ်ဖြစ်တာကတော့ မြန်မာ့တပ်မတော်ကြီးကို သပ်လျှိုသွေးခွဲနေတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ ရှိပါတယ်။ ကျွန်တော်တို့က ဒါတွေကို ကန့်ကွက်ရှုတ်ချကြောင်း သိစေချင်လို့ ဒီပွဲကိုလုပ်ရတာပါ။ ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး။ သပ်လျှိုသွေးခွဲနေတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေကို ကျွန်တော်တို့ ကန့်ကွက်တယ်။ ရှုတ်ချပါတယ်။ ရန်ကုန်တိုင်းဒေသကြီးက မြို့နယ်တွေ အကုန်လာကြပါတယ်။ လူအင်အားကတော့ နှစ်သိန်းဝန်းကျင်လောက် လာပါလိမ့်မယ်။ ရှေ့ဆက်ပြီးတော့လည်း မြန်မာ့တပ်မတော်ကို သပ်လျှိုသွေးခွဲ နေတဲ့သူတွေကို ကန့်ကွက်တာတွေ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ တပ်မတော်ဘက်ကနေ တိုင်းရင်းသားပြည်သူတွေ တိုင်းရင်းသားဒေသတွေကို သွားရောက်တိုက်ခိုက်တာ မရှိပါဘူး။ သူတို့တိုက်လို့သာ ပြန်တိုက်ရတာပဲ ရှိပါတယ်။ တိုင်းရင်းသားဒေသတွေကို တပ်မတော်က ကာကွယ်တာပဲရှိပါတယ်။ တပ်မတော်အပေါ် ဝေဖန်တာတွေကလည်း သူတို့သဘောနဲ့သူတို့ ဝေဖန်ကြတာပါ။ ကျွန်တော်တို့က တပ်မတော်ဘက်က ရပ်တည်ပါတယ်” ဟု တပ်မတော် ချစ်မြတ်နိုးသူများအဖွဲ့မှ ကိုရဲစိုးအောင်က ပြောကြားသည်။

ထို့နောက် အမျိုးသားရေးဆရာတော် အရှင်ဝိစိတ္တာဘိဝံသမှ ပေးပို့သော သဝဏ်လွှာကို တိုက်ကြီးဆရာတော် ဦးဇနိတက ဖတ်ကြားပြီး ရှင်မတောင်ဆရာတော်က တပ်မတော်အား ထောက်ခံကြောင်း မိန့်ကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ဒေါ်ဆွေဇင်ဦးက တပ်မတော်အား ထောက်ခံကာကွယ်ပြီး တပ်မတော်ဘက်မှ ရပ်တည်ကြောင်းဟောပြောခဲ့ပြီး  ဦးလှဆွေက ဆက်လက်ဟောပြောခဲ့ကြောင်း သိရသည်။

“တပ်မတော်ကို ထောက်ခံလို့လာတာ။ ပိုက်ဆံပေးလို့လာတာ မဟုတ်ဘူး။ တပ်မတော်က ရှေ့တန်းမှာ အသေခံပြီး ပြည်သူကို ကာကွယ်နေတာ။ ကျွန်တော်တို့ကို ကာကွယ်နေတာ။ ဒါကို လူတိုင်း သိဖို့လိုတယ်။ အားနေတပ်မတော်ကို အပြစ်တင်ဝေဖန်နေတဲ့သူတွေကိုလည်း ကန့်ကွက်တယ်။ ဒါကို လက်မခံဘူး။ အဲဒီလိုပြောနေတဲ့သူတွေ စစ်သားတွေလို စစ်တိုက်ရဲလားလို့ မေးချင်တယ်။ ငြိမ်းချမ်းရေးကို တပ်မတော်က ဖော်ဆောင်မှသာ ရလိမ့်မယ်။ တပ်မတော်တစ်ခုတည်းကသာ လက်နက်ကိုင်ဆောင်ခွင့်ရှိတယ်။ တပ်မတော်ကလွဲလို့ လက်နက်ကိုင်ထားတဲ့သူတွေဟာ သူပုန်တွေပဲ”ဟု ဆန့်ကျင်ရှုတ်ချပွဲသို့ လာရောက်သူတစ်ဦးက ပြောကြားသည်။

ထို့နောက် မြန်မာ့တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် သပ်လျှိုသွေးခွဲနေသူများအား ဆန့်ကျင်ရှုတ်ချပွဲ၏ သဘောထားကြေညာချက် ဖတ်ကြားခဲ့ပြီး ‘တပ်နှင့်ပြည်သူ သွေးခွဲသူ တို့ရန်သူ’ ၊‘တပ်မတော်ပုံရိပ် ကျဆင်းအောင် ဆောင်ရွက်နေသူ တို့ရန်သူ’၊ တပ်မတော်ကို ဖြိုခွဲမည့်အကြံ တို့လက်မခံ’ ၊ ‘ပြည်ပအားကိုး ပုဆိန်ရိုးနိုင်ငံရေးသမားများ အလိုမရှိ’ ၊ ပြည်တွင်းပြည်ပ ကြေးစားနိုင်ငံရေးသမားများ အလိုမရှိ’ စသည့်ကြွေးကြော်သံများဖြင့် သံပြိုင်ကြွေးကြော်ခဲ့ကြောင်း သိရသည်။

ထို့နောက် ‘တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်’ သီချင်းသံပြိုင် သီဆိုခဲ့ကြပြီး ညနေ ၄ နာရီတွင် အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါရှုတ်ချပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးတို့မှ တပ်မတော်ထောက်ခံသူများ လာရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent