တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၏ ရုံးချိန်းတွင် ‘မင်းတို့ ထမင်းဝအောင် စားထား’ စာတန်းပါ အင်္ကျီဝတ်ဆင်ထားသော လူအချို့၏လုပ်ရပ်ကို ရှေ့နေအသင်းခြောက်သင်းက ကန့်ကွက်ရှုတ်ချကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အရေးယူပေးရန် တောင်းဆို

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၏ ရုံးချိန်းတွင် ‘မင်းတို့ ထမင်းဝအောင် စားထား’ စာတန်းပါ အင်္ကျီဝတ်ဆင်ထားသော လူအချို့၏လုပ်ရပ်ကို ရှေ့နေအသင်းခြောက်သင်းက ကန့်ကွက်ရှုတ်ချကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အရေးယူပေးရန် တောင်းဆို
Published 5 February 2018

ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်ရှေ့နေများ အသင်းရုံးခန်းတွင်
သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်

တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက်၍ စစ်ဆေးနေသည့် ဖေဖော်ဝါရီ ၂ ရက် ရုံးချိန်းတွင် “မင်းတို့ ထမင်းဝအောင်စားထား” စာတန်းပါ အင်္ကျီဝတ်ဆင်ထားသော လူအချို့၏လုပ်ရပ်အား ရှေ့နေ အသင်းခြောက်သင်းမှ ကန့်ကွက်ရှုတ်ချကြောင်းနှင့် အရေးယူပေးရန် တောင်းဆိုကြောင်း ဖေဖော်ဝါရီ ၄ ရက်တွင် ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်ရှေ့နေများအသင်းရုံးခန်း၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲကို မြန်မာနိုင်ငံရှေ့နေအသင်း၊ ရန်ကုန်ရှေ့နေများအသင်း၊ မြန်မာမီဒီယာရှေ့နေများကွန်ရက်၊ မြန်မာနိုင်ငံရှေ့နေများကွန်ရက်၊ ဥပဒေဘွဲ့ရသူများအသင်း၊ လွတ်လပ်သောရှေ့နေများ အသင်းတို့မှ ဥက္ကဋ္ဌများဖြစ်သော တရားလွှတ်တော်ရှေ့နေများက တရားဥပဒေစိုးမိုးရေး လွတ်လပ်စွာတရားစီရင်တို့ကို ထိခိုက်ပျက်ပြားစေရန်နှင့် အမှန်တရားပျောက်ကွယ်ပြီး အမှုမှန်လမ်းကြောင်းလွဲကာ ပဋိပက္ခအသွင် ကူးပြောင်းစေခြင်းအပေါ်ကန့်ကွက်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။

“ကျွန်တော်တု့ိ လက်မခံနိုင်တဲ့အကြောင်း၊ လက်မခံနိုင်တဲ့ အပြုအမူတွေကို လူတစ်စုက ကျင့်သုံးလာခဲ့ကြတာကို မီဒီယာတွေကနေတစ်ဆင့် ကြားသိခဲ့ရတယ်။ ကျွန်တော်တို့ စဉ်းစားတိုင်ပင်လိုက်တဲ့အခါမှာ ဒါကတော့ လွတ်လပ်စွာ တရားစီရင်ကို ထိခိုက်လာပြီ။ တရားဥပဒေစိုးမိုးရေးပေါ်မှာ ထိခိုက်ပျက်ပြားစေပြီ။ တစ်နည်းအားဖြင့် ပဋိပက္ခအသွင်ကို ဆောင်လာပြီ။ တာဝန်အရဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ခြိမ်းခြောက်ထိပါးနှောင့် ယှက်ရောက်လာပြီ။ အဲဒီအခါကျတော့ ဒီဟာကို လျစ်လျူရှုလို့ မရတော့ဘူး။ ဒီအပေါ်မှာ ကျွန်တော်တို့က လက်မခံနိုင်ပါဘူး။ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ဒီလိုပြုလုပ်မှုများကို ရှုတ်ချပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးချစ်ကိုကို (ရန်ကုန်ရှေ့နေများအသင်း ဥက္ကဋ္ဌ) က ပြောကြားသည်။

လက်ရှိအမှုအခြေအနေအရ  စွဲချက်တင်သင့် မတင်သင့် ဆုံးဖြတ်ရမည့်အချိန်တွင် ထမင်းဝအောင်စားထားဟုဆိုသော စကားရပ်သည် ယေဘုယျအားဖြင့် ထမင်းဝအောင် စားဟုဆိုနိုင်သော်လည်း ရာဇသတ်ကြီး ဥပဒေ ၅၀၆ တွင် တမင်ခြောက်လှန့်စေရန် ခြိမ်းခြောက်သည့် စကားပါလာပါက ခြိမ်းခြောက်မှုဖြစ်ကြောင်း၊ တရားရုံးများတွင် စစ်ဆေးနေသော တရားသူကြီးများ၏ လုံခြုံမှုကို ထိပါးစေကြောင်း၊ ယင်းကဲ့သို့ လုပ်ရပ်များမှာ တရားရုံး မထီမဲ့မြင်မှုဖြစ်ကြောင်းနှင့် တရားစီရင်ရေး လမ်းကြောင်းပြောင်းနိုင်စေသည့်အတွက်ကြောင့် ငြိမ်ကြည့်နေ၍မရသဖြင့် ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးချစ်ကိုကို (ရန်ကုန်ရှေ့နေများ အသင်းဥက္ကဋ္ဌ) က ဆက်လက်ပြောကြားသည်။

“ဥပဒေအရပဲပြောရမယ်ဆိုရင် တရားရုံးရှေ့မှာ မင်းတို့ထမင်းဝအောင်စားထားလို့ ပြောရဲတဲ့သူရှိလား။ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ လူမိုက်မှမဟုတ်တာ။ နောက်ပြီးတော့ သူများကိုလည်းခြိမ်းခြောက်ရာ ရောက်တယ်။ ဒီစကားခြိမ်းခြောက်လိုက်တာပဲ။ နံပါတ်တစ် တရားသူကြီးကို ခြိမ်းခြောက်ရာရောက်တယ်။ နောက်တစ်ခါ တရားသူကြီးဘက်က ဥပဒေဝန်ထမ်းကို ခြိမ်းခြောက်တယ်။ နောက်တရားလိုဘက်ကရှေ့နေ၊ တရားခံဘက်ကရှေ့နေတွေကို ခြိမ်းခြောက်တာပါ။ သက်သေတွေကိုလည်း ခြိမ်းခြောက်တာပါ။ ပြီးရင် တစ်လောကလုံးကို ခြိမ်းခြောက်တာ။ ကျွန်တော်တို့ တရားစီရင်ရေးစနစ်ကြီးကို တရားဥပဒေစိုးမိုးရေး စနစ်ကြီးကို ခြိမ်းခြောက်တာပါ။ သင့်တော်လား။ မသင့်တော်လားစဉ်းစားပါ။ ကျွန်တော်တို့ အကုန်ခံနေရပြီ။ အဲဒီတော့ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေစိုးမိုးရေးကို ဘယ်လောက်ပဲ ချစ်မြတ်နိုးတယ် ဆောင်ရွက်ပါတယ်ပြောပြော အခုဒီလို ဥပဒေနဲ့မညီတဲ့ကိစ္စတွေက တရားရုံးပရဝုဏ်ထဲမှာ ဖြစ်သွားတယ်။ တရားရုံး အဆောက်အအုံထဲမှာ ဖြစ်သွားတာ။ တရားဥပဒေအရ အရေးယူနိုင်တဲ့အဖွဲ့အစည်းတွေ ကြားထဲမှာ ဖြစ်သွားတာပါ။ အဲဒီလို အဆောက်အအုံထဲကနေ တရားခွင်ထဲရောက်မလာနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ ဒီလိုအပြု အမူမျိုးလောကကြီးမှာ လူသတ်မှုတို့၊ မုဒိမ်းမှုတို့၊ ခိုးမှုတို့နေ့စဉ်အမျှဖြစ်နေတာ အဲဒီလိုဖြစ် တိုင်းဖြစ်တိုင်း တရားခံဘက်လိုက်ပြီးတော့ ခြိမ်းခြောက်နေကြမယ်။ ဒီလိုတွေ ဝန်းရံကြမယ်။ လူသတ်တာ မှန်ပါတယ်ပြောရင် အဲဒါက ဥပဒေသမားတွေဘက်က ကြည့်မယ်ဆိုရင်တော့ ဒါဟာပူးပေါင်းကြံစည်တာ၊ အားပေးကူညီတာပါ” ဟု မြန်မာမီဒီယာရှေ့နေများကွန်ရက် ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးဦးက ပြောကြားသည်။

လူသတ်မှုဖြင့် တရားစွဲဆိုသည့် ကြည်လင်းအပါအဝင် လေးဦး၏ ဖေဖော်ဝါရီ ၂ ရက် ရုံးချိန်းတွင် လူတစ်စုက တရားရုံးပရဝဏ် အတွင်းရောက်ရှိလာပြီး လူသတ်မှုကို အားပေးကြောင်း၊ ထောက်ခံကြောင်း၊ မှန်ကန်ကြောင်း အများပြည်သူသိအောင် မီဒီယာမှတစ်ဆင့် ပြောဆိုပြီး  “မင်းတို့ ထမင်းဝအောင် စားထား” စာတန်းပါ အင်္ကျီများ ဝတ်ဆင်ကာ ကြည်လင်းအပါအဝင်လေးဦးအား လက်ဆောင်ပေးခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉ (က)ပါ ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေးကို အနှောင့်အယှက်အဟန့်အတား ပြုလုပ်ရာရောက်၍ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်ပေးရန်  ရှေ့နေအသင်းခြောက်သင်းက သက်ဆိုင်ရာဌာနအသီးသီးသို့ တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်၍ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ကို ဖေဖော်ဝါရီ ၂ ရက်က မြောက်ပိုင်းခရိုင်တရားရုံး၌ ရုံးထုတ်ချိန်းတွင် လူတချို့က အင်္ကျီများ ဝေငှပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့မှလူများက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် အင်္ကျီစာသား၏ အဓိပ္ပာယ်မှာ  ပြည်သူများကို ထမင်း၀၀ စားစေချင်သည့် ဆန္ဒဖြစ်ကြောင်းနှင့် တခြားရည်ရွယ်ချက်မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင် သေနတ်သမားကြည်လင်း၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အားပေးထားသည့် Comment များကို  Colour Print ထုတ်ကာ ကြည်လင်းသိစေရန် လာအားပေးခြင်းဖြစ်ကြောင်း၊ ထိုသို့ပြုလုပ်ရခြင်းမှာ မည်သည့်အသင်းအဖွဲ့နှင့်မျှမဆိုင်ဘဲ ၎င်းတို့ တစ်ဦးချင်းစီ၏ ခံစားချက်ဖြင့် လာရောက်အားပေးခြင်းဖြစ်ကြောင်း ၎င်းတို့၏ ဖြေကြားချက်အရ သိရသည်။

အဆိုပါအဖွဲ့ထဲမှ လူတစ်ဦးကမူ ယင်းအင်္ကျီကိုဝတ်ဆင်ခဲ့ကာ အင်္ကျီနောက်ကျောတွင်မင်းတို့ ထမင်းဝအောင်စားထား စာသားပါရှိပြီး အင်္ကျီ၏ရှေ့ဘက်တွင် အဆိုပါစားသားနှင့်အတူ လက်ညှိုးထိုးနေသည့် စတစ်ကာပါရှိကြောင်း သိရသည်။

Most Read

Most Recent