မြန်မာ့ဆန် ပြည်ပတင်ပို့ရာ၌ ဈေးကွက်အနေအထားအရ တန်ချိန်လေးသန်းခန့် ရှိနေပြီး လက်ရှိဘဏ္ဍာနှစ်အကုန်တွင် ဆန်တန်ချိန်သုံးသန်းခန့် တင်ပို့နိုင်မည်ဟု စီးပွား/ကူးသန်းဝန်ကြီးပြောကြား

မြန်မာ့ဆန် ပြည်ပတင်ပို့ရာ၌ ဈေးကွက်အနေအထားအရ တန်ချိန်လေးသန်းခန့် ရှိနေပြီး လက်ရှိဘဏ္ဍာနှစ်အကုန်တွင် ဆန်တန်ချိန်သုံးသန်းခန့် တင်ပို့နိုင်မည်ဟု စီးပွား/ကူးသန်းဝန်ကြီးပြောကြား
Published 5 February 2018

ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ဆန်ပွဲရုံတစ်ခုမြင်ကွင်း

မြန်မာ့ဆန်ပြည်ပတင်ပို့ရာ၌ ပြည်ပဈေးကွက်အနေအထားအရ တန်ချိန် လေးသန်းခန့်ရှိနေပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အကုန်တွင် ပြည်ပသို့ ဆန်တန်ချိန်သုံးသန်းခန့် တင်ပို့နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

“ကုန်သွယ်ရေးတစ်ခုတည်း ကြည့်မယ်ဆိုရင် ဆန်ဟာ ဈေးကွက်အရ တန်ချိန်လေးသန်းလောက် ရှိပါတယ်။ ကျွန်တော်တို့ ဒီဘတ်ဂျက်နှစ် အကုန်မှာဆိုရင် တန်ချိန်သုံးသန်းလောက် တင်ပို့လို့ရပါမယ်။ ဒါဟာ စိုက်ပျိုးသူ တောင်သူလယ်သမားများ၊ ကုန်သည်များ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ဆိပ်ကမ်းများ စသဖြင့် အဖွဲ့အစည်းပေါင်းစုံက ကြိုးစားခဲ့တဲ့အတွက် အောင်မြင်မှုရရှိခဲ့တာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

လက်ရှိဘဏ္ဍာနှစ် ၁၀ လအတွင်း ပြည်ပသို့ ဆန်တင်ပို့မှုသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ် ကာလတူထက် တန်ချိန် ၁ ဒသမ ၇ သန်းခန့် ပိုမိုတင်ပို့ထားပြီး တန်ဖိုးငွေပမာဏ ဒေါ်လာသန်းငါးရာကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

“ဆန်က တန်ချိန် ၁ ဒသမ ၆၈၉ သန်း ပိုပို့ထားတယ်။ တန်ဖိုးငွေက ဒေါ်လာ ၈၇၆ သန်းကျော်ရထားတယ် ဒီနှစ်မှာဆို ဒေါ်လာ ၅၀၄ သန်း ပိုပြီးရထားတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဇန်နဝါရီ ၁၉ ရက်အထိ ဆန်တန်ချိန် ၂ ဒသမ ၈၁၉ သန်း တင်ပို့ထားပြီး တန်ဖိုးငွေဒေါ်လာ ၈၇၆ သန်းကျော် ရရှိထားကြောင်း၊ ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူတွင် ဆန်တန်ချိန် ၁ ဒသမ ၁၃၀ သန်းသာ တင်ပို့ထားပြီး တန်ဖိုးငွေဒေါ်လာ ၃၇၂ သန်းကျော်သာ ရရှိထားကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာနမှ သိရသည်။

ယခုနှစ်တွင် ဆန်တင်ပို့နေသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန် စသည့်နိုင်ငံများ၌ ဆန်အဟောင်း လက်ကျန်နည်းနေသည့်အတွက် ဆန်လိုအပ်ချက်ရှိနေသည့် နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံမှ ဆန်ကို ပိုမိုဝယ်ယူလာကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းနှင့် ပင်လယ်ရေကြောင်းနှစ်ခုလုံးမှ တင်ပို့နေခြင်း ဖြစ်သည်။ ထိုသို့တင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တင်ပို့မှုမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့မှုသည် ပြည်ပသို့စုစုပေါင်း ဆန်တင်ပို့မှု ပမာဏ၏ ရာခိုင်နှုန်း ၇၀ ကျော် ရှိကြောင်း သိရသည်။

ဥရောပ၊ အာဖရိကနှင့် ဘင်္ဂလားဒေ့ရှ် စသည့်ဈေးကွက်များ တိုးချဲ့ရရှိခဲ့သည့်အတွက် လက်ရှိဘဏ္ဍာနှစ်တွင် ပင်လယ်ရေကြောင်းမှ ဆန်တင်ပို့မှု ပြန်လည်မြင့်တက်လာကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဗြိတိသျှ ကိုလိုနီခေတ် ၁၉၂၀ မှ ၁၉၄၁ ခုနှစ်ကာလအတွင်း ပြည်ပသို့ ဆန်တန်ချိန် သုံးသန်းအထိ အများဆုံး တင်ပို့နိုင်ခဲ့ကြောင်း၊ လွတ်လပ်ရေးခေတ်နှင့် လွတ်လပ်ရေးနှောင်းပိုင်းများ ကာလများအတွင်း ပြည်ပသို့ ဆန်တန်ချိန် အများဆုံး တင်ပို့မှုအဖြစ် ၁၉၅၆၊ ၁၉၅၇၊ ၁၉၅၉ နှင့် ၁၉၆၀ ခုနှစ်များတွင် ဆန်တန်ချိန် တစ်သန်းသာ တင်ပို့ခဲ့ခြင်းရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန်နှစ်သန်းတင်ပို့ရန် ရည်မှန်းချက်ထား ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိကာလတွင် အဆိုပါ လျာထားချက် ကျော်လွန်တင်ပို့ထားပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ဆန်စပါးဈေးကွက် ပုံမှန်လည်ပတ်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပကုန်သည် (International Buyer) များကို ရောင်းချပေးသကဲ့သို့ နှစ်နိုင်ငံအစိုးရအချင်းချင်း ဆက်သွယ်ညှိနှိုင်းရောင်းချသည့် G to G အစီအစဉ်ကိုပါ ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent