ငွေကြေးလိမ်လည်ခံရသည့် နယ်အသီးသီးမှ ကုန်သည်နှင့် စက်ပိုင်များအား အကျိုးဆောင်ပွဲစားများ အနေဖြင့် ပြေလည်အောင်ဖြေရှင်းပေးရမည်ဖြစ်ပြီး မဖြေရှင်းနိုင်ပါက ကုန်စည်ဒိုင်မှ အပြီးအပိုင် ထုတ်ပယ်မည်ဟု ဆို

ငွေကြေးလိမ်လည်ခံရသည့် နယ်အသီးသီးမှ ကုန်သည်နှင့် စက်ပိုင်များအား အကျိုးဆောင်ပွဲစားများ အနေဖြင့် ပြေလည်အောင်ဖြေရှင်းပေးရမည်ဖြစ်ပြီး မဖြေရှင်းနိုင်ပါက ကုန်စည်ဒိုင်မှ အပြီးအပိုင် ထုတ်ပယ်မည်ဟု ဆို
Published 5 February 2018

ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်ကို ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)

ဆန်ဈေးကွက်အတွင်း ကျပ်ငါးဘီလျံကျော် အလိမ်ခံရမှုတွင် နယ်အသီးသီးမှ ကုန်သည်နှင့် စက်ပိုင်များကို နစ်နာမှုမရှိအောင် အကျိုးဆောင်များက ပြေလည်အောင် ဖြေရှင်းပေးရမည်ဖြစ်ပြီး မဖြေရှင်းပေးသည့် အကျိုးဆောင်များကို ကုန်စည်ဒိုင်မှ အသင်းသားအဖြစ် အပြီးအပိုင် ထုတ်ပယ်မည်ဖြစ်ကြောင်း သိရသည်။

“ဒီဆုံးရှုံးသွားတဲ့ ကိုအောင်ဆွေဦးကို ရောင်းထားတဲ့ နယ်ကုန်သည်နဲ့ ဒီအကျိုးဆောင်တွေရဲ့ကြားမှာ နယ်ကုန်သည်တွေ မနစ်နာရအောင်လို့တော့ ဒီအကျိုးဆောင်တွေကို အစ်ကိုတို့ ပြောထားတယ်။ ဒီငွေကြေးနဲ့ ပတ်သက်ပြီးတော့ တစ်စုံတစ်ရာ ဖြေရှင်းမှုမလုပ်နိုင်ဘူးဆိုရင် ကုန်စည်ဒိုင်ကနေ အပြီးအပိုင် အသင်းသားအဖြစ်က ရပ်စဲမယ်” ဟု မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်းဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် အကျိုးဆောင်များအနေဖြင့် နယ်မှ ကုန်သည်နှင့် ဆန်ပိုင်များ ဆုံးရှုံးထားသည့်ပမာဏ၏ ၂၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၅၀ အထိ ပေးလျော်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“အချို့လည်းပဲ သူတို့ရဲ့ ပိုင်ဆိုင်မှုနဲ့ ရှိတဲ့ငွေကြေးတွေနဲ့ အောက်ခြေက နယ်ကုန်သည်စက်ပိုင်တွေ မနစ်နာရအောင် တချို့လျော်ပေးနေတယ်။ လျော်တဲ့အခါမှာလည်း ၂၅ ရာခိုင်နှုန်းလျော်တဲ့သူရှိတယ်။ ရာခိုင်နှုန်း ၃၀ လျော်တဲ့သူရှိတယ်။ ၅၀ ရာခိုင်နှုန်း စသဖြင့် မျိုးစုံနဲ့ လျော်ပေးနေပါတယ်” ဟု ဦးအောင်သန်းဦးက ပြောကြားသည်။

အဆိုပါ လိမ်လည်သွားသည့် ကုမ္ပဏီမှာ A.S.O Co.,Ltd ဖြစ်ပြီး ပိုင်ရှင်မှာ ဦးအောင်ဆွေဦးဖြစ်ကြောင်း၊ အဆိုပါ လိမ်လည်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းသို့ လာရောက်တိုင်ကြားသူ ၆၀ ကျော်ရှိပြီး စုစုပေါင်းငွေပမာဏမှာ ကျပ်ငါးဘီလျံကျော်ရှိကြောင်း ဇန်နဝါရီ ၆ ရက်က ရန်ကုန်မြို့ရှိ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ဆန်ဈေးကွက်အတွင်း ငါးဘီလျံကျော် လိမ်လည်သွားသည့်ကိစ္စရပ်အား လိမ်လည်သူ၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းမည့် ကော်မတီတစ်ရပ် အပါအဝင် ကော်မတီသုံးခု ဖွဲ့စည်းကာ ဖြေရှင်းလျက်ရှိသည်။

ဘုရင့်နောင်ဆန်ဈေးကွက်အတွင်း ကျပ်ငါးဘီလျံကျော် လိမ်လည်သွားသူ၏ ပိုင်ဆိုင်မှုပစ္စည်းများကို ကော်မတီမှ သိမ်းဆည်းထားသော်လည်း ပြန်လည်ထုတ်ယူမှုများ ရှိနေသဖြင့် ဥပဒေအရ ဖြေရှင်းပေးရမည့် ရဲတပ်ဖွဲ့၏ ဆောင်ရွက်မှုကို အားမရကြောင်း ဇန်နဝါရီ ၃၁ ရက်က ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်တွင် ပြုလုပ်သော မြန်မာနိုင်ငံ ဆန်ကုန်သည်အသင်း၏ အစည်းအဝေးမှ သိရသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ယခုကဲ့သို့ သိန်းသောင်းနှင့်ချီလိမ်မှုသည် နှစ်ကြိမ်မြောက်ဖြစ်ပြီး ယခင်ကျပ်သိန်းပေါင်း တစ်သောင်းခွဲ လိမ်လည်မှုများလည်း ဖြစ်ပွားခဲ့သည်။

လက်ရှိအချိန်တွင် ဆန်ဈေးကွက်အတွင်း ဘီလျံနှင့်ချီကာ လိမ်လည်မှုများ ဖြစ်ပေါ်နေသောကြောင့် ဆန်ဈေးကွက် ပျက်သွားနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းမှ သိရသည်။

Most Read

Most Recent