ရန်ကုန်တိုင်းဒေသကြီး ၄၅ မြို့နယ်တွင် အချို့သော အိမ်ထောင်စုများသည် သန်းခေါင်စာရင်း (အိမ်ထောင်စုဇယား) မရှိသည့် ပြဿနာ ကြုံတွေ့နေရဟုဆို

ရန်ကုန်တိုင်းဒေသကြီး ၄၅ မြို့နယ်တွင် အချို့သော အိမ်ထောင်စုများသည် သန်းခေါင်စာရင်း (အိမ်ထောင်စုဇယား) မရှိသည့် ပြဿနာ ကြုံတွေ့နေရဟုဆို
Published 4 February 2018

ရန်ကုန်တိုင်းအတွင်းရှိ ၄၅ မြို့နယ်စလုံးတွင် အချို့သော အိမ်ထောင်စုများသည် သန်းခေါင်စာရင်း (အိမ်ထောင်စုဇယား) မရှိသည့် ပြဿနာ ကြုံတွေ့နေရကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

အဆိုပါကိစ္စအား ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် စိုက်မွေး(၁)ရပ်ကွက် မြေနီလမ်းနှင့် ဆေးရုံလမ်းတွင် အိမ်ထောင်စု ၂၄၀ ကျော်ရှိပြီး ယခုအချိန်အထိ မိသားစုသန်းခေါင်စာရင်း မရရှိဘဲ နေထိုင်ရသည့်အတွက် သန်းခေါင်စာရင်း (အိမ်ထောင်စုဇယား) ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ။ ရှိလျှင် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်၊ မရှိလျှင် မည်သည့်အတွက်ကြောင့်ဖြစ်သည်နှင့် ပတ်သက်၍ မေးမြန်းရာ၌ ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီပြဿနာဟာ ဒဂုံမြို့သစ် တောင်ပိုင်းတစ်ခုတည်းမှာ မဟုတ်ဘဲနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ၄၅ မြို့နယ်လုံးမှာရှိသော ပြည်သူများတွေ့ကြုံနေတဲ့ပြဿနာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရှေ့လုပ်ငန်းစဉ် ၁၉ ချက်အား ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

ထို့ပြင် ပြည်သူများအတွက် လက်ငင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းစဉ်များကို သစ္စာစီမံချက်ရေးဆွဲချမှတ်ပြီး ထိထိရောက်ရောက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများအနက် အချို့သောပြည်သူလူထုသည် မိသားစု စားဝတ်နေရေးအတွက်လည်းကောင်း၊ သဘာဝဘေးအန္တရာယ် ဒုက္ခများကြောင့်လည်းကောင်း၊ မူလနေထိုင်ရာ အရပ်ဒေသတွင် နေထိုင်စားသောက်ရေး အခက်အခဲများကြောင့်လည်းကောင်း၊ ပတ်သက်ဆက်နွှယ်သည့် ဆွေမျိုးသားချင်းများရှိရာ အရပ်ဒေသများ၊ အလုပ်အကိုင် အခွင့်အလမ်းပေါများသည့် မြို့ကြီးများ၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်သည့်နယ်စပ်ဒေသရှိ မြို့ကြီးများနှင့် သယံဇာတအရင်းအမြစ်များရှိသည့် ဒေသများသို့ အလုပ်အကိုင်ပေါ်မူတည်ပြီး အခြေတကျ နေထိုင်သူများနှင့် တစ်နေရာမှ တစ်နေရာသို့ ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းနေထိုင်သူများလည်းရှိကြောင်း၊ နေထိုင်မှုပုံစံပေါ် မူတည်ပြီး သာမန်ရွှေ့ပြောင်းနေထိုင်သူများနှင့် ယာယီရွှေ့ပြောင်း နေထိုင်သူများဟု ခွဲခြားတွေ့ရှိရကြောင်း ဝန်ကြီးဦးဇော်အေးမောင်က ဆက်လက် ပြောကြားသည်။

ဆက်လက်ပြီး ဝန်ကြီးဦးဇော်အေးမောင်က အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးရန် တင်ပြသည့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ စိုက်မွေး (၁) ရပ်ကွက်ရှိ မြေနီလမ်းနှင့် ဆေးရုံလမ်းမြေနေရာသည် ၁၉၈၆ ခုနှစ်က တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သော သက်ပြည့်အငြိမ်းစားစစ်သည်များ၊ ဆေးအဆင့်နိမ့်စစ်သည်များအား နိုင်ငံတော်မှ နေရာချထားပေးရန် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၏ ၁၉၈၆ သြဂုတ် ၄ ရက် နေ့စွဲပါ စာအမှတ် ၂၀၃၅/၁၂/ဦး-၃ ဖြင့် စစ်မှုထမ်းဟောင်းအိမ်ရာစီမံကိန်း ဖော်ဆောင်ရန် သတ်မှတ်ထားသော နေရာဖြစ်ပြီး ၁၉၈၉ အောက်တိုဘာ ၃ ရက်တွင် တိုင်းငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (ရန်ကုန်တိုင်း)၏ အမှုတွဲအမှတ် ၅၂/ လန/လှည်းကူး/၈၉ ဖြင့် လန-၃၉ ထုတ်ပေးသော မြေဧရိယာ (၁၄၄၃ ဒသမ ၀၇) ဧကရှိ စစ်မှုထမ်းဟောင်း အိမ်ရာစီမံကိန်းပိုင်မြေ ဖြစ်ပါကြောင်း၊ အိမ်ထောင်စုစာရင်းထုတ်ပေးရန် တင်ပြသည့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စိုက်မွေး (၁) ရပ်ကွက်ရှိ မြေနီလမ်းနှင့် ဆေးရုံလမ်းတွင် နေထိုင်သည့် အိမ်ထောင်စု ၂၄၀ ခန့်အား စိစစ်ရာတွင် အများစုသည် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ကိုင်ဆောင်လက်မှတ်များ ကိုင်ဆောင်ထားရှိပြီး ယခင်နေထိုင်ခဲ့သည့် မြို့နယ်များတွင် အိမ်ထောင်စုလူဦးရေ စာရင်းများရှိကြောင်း စိစစ်တွေ့ရှိရပါကြောင်းနှင့် ၎င်းတို့သည် ကျူးကျော်နေထိုင်သူများဖြစ်သဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

Most Read

Most Recent