ဘင်္ဂလားဒေ့ရှ်သို့ မောင်တောနယ်စပ်ကုန်သွယ်ရေးမှ ဆန်တင်ပို့မှု အားကောင်းနေပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဇန်နဝါရီလကုန်အထိ ဆန်တန်ချိန် ၁၆၀၀၀ ကျော် တင်ပို့နိုင်ခဲ့

ဘင်္ဂလားဒေ့ရှ်သို့ မောင်တောနယ်စပ်ကုန်သွယ်ရေးမှ ဆန်တင်ပို့မှု အားကောင်းနေပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဇန်နဝါရီလကုန်အထိ ဆန်တန်ချိန် ၁၆၀၀၀ ကျော် တင်ပို့နိုင်ခဲ့
Published 4 February 2018

ဘင်္ဂလားဒေ့ရှ်သို့ မောင်တောနယ်စပ် ကုန်သွယ်ရေးမှ ဆန်တင်ပို့မှု အားကောင်းနေပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဇန်နဝါရီလကုန်အထိ ဆန်တန်ချိန် ၁၆၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း မောင်တောနယ်စပ် ကုန်သွယ်ရေးညွှန်ကြားရေးမှူးရုံးမှ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံမှ စပါးဝယ်ယူမှု မရှိသော်လည်း ဆန်များဝယ်ယူလျက်ရှိရာ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်းနှစ်ခုစလုံးမှ တင်ပို့နေရခြင်းဖြစ်ကြောင်း သိရသည်။

မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်း တစ်ခုတည်းမှ ဆန်တင်ပို့မှု ပမာဏမှာ ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ဆန်တန်ချိန် ၁၆၁၄၄ တန်ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဆန်တင်ပို့မှုမှ ရရှိသည့်ဝင်ငွေမှာ ဒေါ်လာငါးသန်းခွဲခန့် တန်ဖိုးရှိကြောင်း သိရသည်။

လက်ရှိတွင် မောင်တောနယ်စပ် ကုန်သွယ်ရေးဖြင့် ဆန်တစ်နေ့လျှင် စက်လှေ ငါးစင်းခန့်တင်ပို့နေရကြောင်း သိရသည်။

ယင်းသို့ ဆန်တင်ပို့မှုပမာဏ တိုးတက်လာသဖြင့် ဇန်နဝါရီအတွင်း ကုန်သွယ်မှုပမာဏ တိုးတက်လာခဲ့ကြောင်း သိရသည်။

“အခု ဆန်တင်ပို့မှု အားကောင်းနေတာမှာ တစ်နေ့ကို စက်လှေငါးစင်းလောက် ထွက်နေပါတယ်။ စက်လှေအရေအတွက်ပေါ်မူတည်ပြီး တင်ပို့ရတာလည်း ဖြစ်ပါတယ်” ဟု ဆန်တင်ပို့သည့် ကုန်သည်တစ်ဦးက ပြောကြားသည်။

လက်ရှိတွင် မောင်တောနယ်စပ်မှ ဆန်၊ ငါးခြောက်၊ ချင်းများ တင်ပို့လျက်ရှိကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်မှ ဆန်ဝယ်လိုအားကောင်းနေခြင်းဖြစ်သဖြင့် ရခိုင်ဒေသထွက် ဆန်များကို ကြိတ်ခွဲတင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ကုန်သွယ်မှုတွင် မောင်တောနယ်စပ် ကုန်သွယ်ရေးမှ ပို့ကုန်တစ်ခုတည်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သွင်းကုန်လုံးဝမရှိကြောင်းနှင့် အများဆုံး ပို့ကုန်များတွင် ဆန်၊ ငါးခြောက်နှင့် အခြားကုန်များဖြစ်ကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးမှ သိရသည်။

Most Read

Most Recent