ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) စေတနာ့ဝန်ထမ်းလူငယ်များ ပဉ္စမအဖွဲ့၏ လုပ်အားပေးအစီအစဉ် ဖေဖော်ဝါရီလကုန် စတင်မည်

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) စေတနာ့ဝန်ထမ်းလူငယ်များ ပဉ္စမအဖွဲ့၏ လုပ်အားပေးအစီအစဉ် ဖေဖော်ဝါရီလကုန် စတင်မည်
Published 4 February 2018

UEHRD စေတနာ့ဝန်ထမ်းလူငယ်များ လုပ်အားပေးအစီအစဉ် စတုတ္ထအဖွဲ့ လုပ်အားပေးနေစဉ် (ဓာတ်ပုံ-UEHRD)

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) စေတနာ့ဝန်ထမ်းလူငယ်များ ပဉ္စမအဖွဲ့၏ လုပ်အားပေးအစီအစဉ်ကို ဖေဖော်ဝါရီလကုန် စတင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပဉ္စမအဖွဲ့၏ ရန်ကုန်သင်တန်းကျောင်းသို့ သတင်းပို့ခြင်းကို ဖေဖော်ဝါရီ ၂၄ ရက်တွင်လည်းကောင်း၊ သင်တန်းအစီအစဉ်ကို ၂၅ ရက်မှ ၂၇ ရက်အထိလည်းကောင်း၊ ရန်ကုန်မှ စစ်တွေသို့ ကားဖြင့် ၂၈ ရက်တွင် ထွက်ခွာမည်ဖြစ်ကြောင်းနှင့် စစ်တွေမှ ဘူးသီးတောင်-မောင်တောဒေသသို့ မတ် ၂ ရက်တွင် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။ ကျေးရွာများသို့ ကွင်းဆင်းခြင်း အစီအစဉ်ကို မတ် ၃ ရက်မှ ၁၂ ရက်အထိ ဆောင်ရွက်မည်ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) စေတနာ့ဝန်ထမ်းလူငယ်များ လုပ်အားပေးအစီအစဉ် စတုတ္ထအဖွဲ့ကို ဇန်နဝါရီ ၁၃ ရက်တွင် စတင်သည်။

UEHRD စေတနာ့ဝန်ထမ်း လူငယ်များ လုပ်အားပေးအစီအစဉ်၊ တတိယအဖွဲ့မှ လူသားချင်းစာနာမှု ထောက်ပံ့ရေးပစ္စည်းများ ဖြန့်ဝေခြင်းကို ဇန်နဝါရီ ၁ ရက်က ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကညင်တောကျေးရွာအုပ်စု ကညင်တောကျေးရွာရှိ အိမ်ထောင်စု ၁၆၉ စု၊ လူဦးရေ ၁၁၇၄ ဦးအား လူသားချင်းစာနာမှု အထောက်အပံ့အဖြစ် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ အာလူး၊ ကြက်သွန်၊ ငါးသေတ္တာဘူးနှင့် နို့မှုန့်ထုပ်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

UEHRD စေတနာ့ဝန်ထမ်း လူငယ်များအဖွဲ့ တတိယအဖွဲ့သည် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ဒေသခံ ပြည်သူများအတွက် လူသားချင်းစာနာမှု ထောက်ပံ့ရေး အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန် ရန်ကုန်မြို့မှ ဒီဇင်ဘာ ၂၀ ရက်က ထွက်ခွာခဲ့ခြင်းဖြစ်ပြီး အဆိုပါအဖွဲ့တွင် ကျား ၃၀ နှင့် မ ၁၆ ဦးဖြင့် စုစုပေါင်း ၄၆ ဦး ပါဝင်ကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက “UEHRD က ပြည်သူကို အခြေခံပြီးတော့ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ရခိုင်ဒေသမှာ ဖြစ်ပေါ်နေတာနဲ့ ပတ်သက်လို့ရှိရင် အားလုံးပူးပေါင်း ပါဝင်ရမှာ။ ပြဿနာကို ဖြေရှင်းရမှာက အစိုးရရဲ့ တာဝန်ဖြစ်ပါတယ်။ ပြည်သူနဲ့ ပူးပေါင်းဖြေရှင်းရမှာ ဖြစ်ပါတယ်။ အစိုးရရဲ့တာဝန်ဖြစ်တဲ့အတွက် အစိုးရဟာ ဒီတာဝန်ကို ထပ်ခါထပ်ခါ ဖြေရှင်းနေမယ်။ ဒီဒေသဟာလည်း ဒီလိုပဲ။ ထပ်ခါထပ်ခါ ပြန်ဖြစ်နေမယ်ဆိုရင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတား ဖြစ်ပါတယ်။ အဓိက,က ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပါဝင်ကူညီ ဆောင်ရွက်ရမယ့်ကိစ္စလို့ ယုံကြည်ပါတယ်။ အစိုးရသစ် လက်ထက်မှာ မြန်မာနိုင်ငံမှာ မရှိသေးတဲ့ လူငယ်မူဝါဒကို ရေးဆွဲနိုင်ခဲ့ပါတယ်။ လူငယ်တွေကိုယ်တိုင် ပါဝင်ပြီးတော့ လူကြီးတွေရဲ့သင်ခန်းစာကိုယူပြီး ရေးဆွဲတာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ဘေးဒုက္ခခံစားရသူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို မိသားစုလက်ဝယ်အရောက် အဖွဲ့တစ်ဖွဲ့လျှင် ၂၀ စီ ပါဝင်သော လူငယ်အဖွဲ့များ ဖွဲ့စည်း၍ ရက် ၂၀ ကြာ အလှည့်ကျသွားရောက် လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

UEHRD စေတနာ့ဝန်ထမ်း လူငယ်များ ပဉ္စမအဖွဲ့၏ လုပ်အားပေး အစီအစဉ်တွင် ပါဝင်လိုသည့် လူငယ်များအနေဖြင့် နီးစပ်ရာ လူမှုဝန်ထမ်းရုံးများသို့ စာရင်းသွင်းနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Most Read

Most Recent