<

ညောင်တုန်းမြို့နယ် အသင်းစုကျေးရွာအနီးတွင် ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများမှ ရန်ကုန်မြို့သို့ တရားမ၀င်သွားရောက်မည့် ဘင်္ဂါလီ ၂၁ ဦးအား ဖမ်းဆီးရမိ

ဘင်္ဂါလီများအား သယ်ဆောင်လာသည့် Foton ယာဉ်အား တွေ့ရစဉ်

ညောင်တုန်းမြို့နယ် အသင်းစုကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်းမိုင်တိုင်အမှတ် ၂၉/ ၅ နှင့် ၂၉/ ၆ အကြားတွင် ရပ်တန့်ထားသော Foton အမျိုးအစား ကုန်တင်ကားတစ်စီးပေါ်၌ ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများမှ ရန်ကုန်မြို့သို့ တရားမ၀င်သွားရောက်မည့် ဘင်္ဂါလီ ၂၁ ဦးအား ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ၂ နာရီခန့်က ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့တွင် ညောင်တုန်းမြို့ အသင်းစုကျေးရွာအနီးတွင် ရပ်တန့်ထားသော ကုန်ကားတစ်စီးပေါ်၌ တရားမ၀င်တင်ဆောင်လာသော ဘင်္ဂါလီအချို့အား တွေ့ရှိရသည်ဟု သတင်းရရှိချက်အရ ဆားမလောက်ရဲကင်းမှ သွားရောက်စစ်ဆေးရာတွင် ပုသိမ်မြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ ကားခေါင်းဦးတည်ထားသော ယာဉ်မောင်း တင်ထွန်းအောင် (၃၇ နှစ်) (ဘ)ဦးချစ်တင် သံတွဲမြို့နယ် မောင်းနှင်ပြီး ယာဉ်အကူအဖြစ် ဦးထွန်းထွန်းခိုင်(ခ)သားသား (၃၉ နှစ်) (ဘ) ဦးလှရွှေ သံတွဲမြို့နေ လိုက်ပါလာသည့် Foton အမျိုးအစား 9J/—–ကုန်တင်ယာဉ်ပေါ်တွင် တရားမ၀င် သယ်ဆောင်လာသည့် ဘင်္ဂါလီများကို တွေ့ရှိရကြောင်း၊ တရားမ၀င် ခိုးဝင်ရောက်လာသူများကို ဆက်လက်စစ်ဆေးရာတွင် ကျောက်ဖြူဒုက္ခသည်စခန်းနေ မောင်လှမြင့်(ခ) မူဟာမစ်ဆာရီ(၁၅ နှစ်) (ဘ)ဦးမောင်လတ်၊ ဦးမောင်နီ(ခ)အဘူဘာရှော့ (၄၅ နှစ်)(ဘ) မိုဟာမက်ဟူစိန်၊ မောင်လှမြင့်(ခ) ရာကုအာလီ (၃၀နှစ် ) (ဘ)ဦးမောင်လှ၊ မောင်ကျော်လှ(ခ) ဟာဆောင်ရိုဒစ်(၁၅ နှစ်)(ဘ)ဦးလှထွန်း၊ မောင်လှ(ခ) အာလီမီးယား (၁၈ နှစ် ) (ဘ) ကာနူး၊ မပုမ (၃၃ နှစ်) (ဘ)ဦးလပြည့်အောင်၊ မမိုးစန္ဒာကျော်(၄ နှစ်) (ဘ)ဆွဲ ရွတ်ဘာလီ၊ အုန်းတောကြီးဒုက္ခသည် စခန်း နေ မောင်ဝင်းကျော်(ခ) မူဟာမစ်မာနွန် (၁၅ နှစ်)(ဘ) ဦးတင်မောင်၊ ဆင်နှာမောင်း ဒုက္ခသည်စခန်းနေ မောင်မောင်ရွှေ(ခ)ဘာဇိတ် (၂၉ နှစ်)(ဘ) ဦးအဒူမူဇိတ်၊ သဲချောင်းကျေးရွာ စစ်တွေမြို့နေ မောင်ကြည်ဆွေ (ခ) အကာရာ အသက် (၂၀ နှစ်)(ဘ)အာတိုဟာမီး စသူတို့ဖြစ်ကြောင်း၊ ၎င်းတို့မှာ ရခိုင်ပြည်နယ်မှတစ်ဆင့် ရန်ကုန်မြို့သို့ သွားရောက်မည့်သူများဖြစ်ကြောင်း သိရသည်။

“ဖမ်းမိတဲ့သူတွေကို အစ်မလိုက် မေးကြည့်တော့ သူတို့က ရခိုင်ပြည်နယ်ဒုက္ခသည် စခန်းတွေကနေ ရန်ကုန်ကိုသွားမှာလို့ ပြောတယ်၊ ငသိုင်းချောင်းဘက်ကနေ လာကြတာ၊ သူတို့ကို သယ်လာတဲ့ကားက လမ်းဘေးမှာရပ်ပြီး ရန်ကုန်ကနေ လာခေါ်မယ့်ကားကို စောင့်နေတုန်း သတင်းရလို့ဖမ်းမိတာ။ ရန်ကုန်ကလာတဲ့ကားကတော့ သူတို့ကို ဒီဘက်မှာ ဖမ်းနေတာတွေ့တော့ မောင်းပြီးထွက်ပြေးသွားတယ်။ ဖမ်းမိတဲ့သူတွေကို အစ်မမေးကြည့်တော့ သူတို့ကို ပို့ပေးမယ်ဆိုပြီးတော့ ယောက်ျားလေး တစ်ယောက်ကို ကျပ် ၁၀ သိန်း နဲ့ငါးသောင်း၊ မိန်းကလေးက ကျပ်သုံးသိန်း ပေးရတယ်ပြောတယ်။ ဒါနဲ့ အစ်မလည်း မေးကြည့်တယ်။ နင်တို့က ဒုက္ခသည်စခန်းမှာနေတာ ဘယ်က ပိုက်ဆံရလဲမေးတော့ အမေက ပေးတာပြောတယ်။ အမေကရော ဘာအလုပ်လုပ်လဲမေးတော့ ဒုက္ခသည်စခန်းမှာပဲဆိုလို့ သူတို့ကိုဒုက္ခသည်စခန်းမှာနေတဲ့သူက ဘယ်ကပိုက်ဆံရမလဲလို့ ဆက်မေးတော့ သူတို့ဆီလာတဲ့ NGO တွေကပေးတယ်ဖြေပြန်တယ်။ အခုတော့ သူတို့ကို ဆားမလောက်ရဲကင်းကနေ ညောင်တုန်းကိုခေါ်သွားကြပြီ” ဟု ညောင်တုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးက ပြောကြားသည်။

ညောင်တုန်း မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် ယခုအချိန်တွင် စစ်ဆေးနေဆဲဖြစ်ပြီး အမှုဖြစ်စဉ်အား အသေးစိတ်စစ်ဆေးကာ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ချိတ်ဆက်၍ သက်ဆိုင်ရာဥပဒေများဖြင့် အရေးယူဆောင်ရွက်ရန် ပြင်ဆင်နေကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။

February 4, 2018














Copy Protected by Chetan's WP-Copyprotect.