မြစ်ကြီးနားမြို့နှင့် မိုးကောင်းမြို့နယ်ရှိ တပ်ဌာနချုပ်များကို KIA လက်နက်ကိုင်အဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ထုတ်ပြန်

မြစ်ကြီးနားမြို့နှင့် မိုးကောင်းမြို့နယ်ရှိ တပ်ဌာနချုပ်များကို KIA လက်နက်ကိုင်အဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ထုတ်ပြန်
Published 4 February 2018

မြစ်ကြီးနားမြို့နှင့် မိုးကောင်းမြို့နယ်ရှိ တပ်ဌာနချုပ်များကို KIA လက်နက်ကိုင်အဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဖေဖော်ဝါ ရီ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တလျက်ရှိသည့် ထာဝရငြိမ်းချမ်းရေး ရရှိအောင် နိုင်ငံတော်အစိုးရနှင့်အတူ တပ်မတော်က ငြိမ်းချမ်းရေးတည်ဆောက်လျက်ရှိသော်လည်း KIA အကြမ်းဖက်သောင်းကျန်းသူများသည် ငြိမ်းချမ်းရေးကို လျစ်လျူရှုလျက် ဇန်နဝါရီ ၃၁ ရက်နှင့် ယနေ့တို့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် မိုးကောင်းမြို့နယ်အတွင်းရှိ တပ်ဌာနချုပ်များနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စခန်းများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဇန်နဝါရီ ၃၁ ရက် ည ၁၁ နာရီခွဲခန့်တွင် မိုးကောင်းမြို့ရှိ တပ်ဌာနချုပ်အား KIA အကြမ်းဖက်သောင်းကျန်းသူများက တပ်ဌာနချုပ်၏ အနောက်ဘက်မီတာ ၂၃၀၀ ခန့်အကွာမှ လက်နက်ကြီးဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း၊ ဖြစ်စဉ်တွင် လူနှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှု မရှိဘဲ တပ်ဌာနချုပ်၏ အနောက်ဘက်မီတာ ၂၀၀၀ ခန့်အကွာရှိ လယ်ကွင်းအတွင်း၌ ပေါက်ကွဲမှုမရှိသေးသည့် ၁၀၇ မမ ဒုံးသီးတစ်လုံးအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ ဖေဖော်ဝါရီ ၃ ရက် နံနက် ၃ နာရီခွဲခန့်တွင်လည်း မိုးကောင်းမြို့ရှိ တပ်ရင်းဌာနချုပ်အား KIA အကြမ်းဖက်သောင်းကျန်းသူ အင်အား ၁၅ ဦးခန့်က တပ်ရင်းဌာနချုပ်၏ အရှေ့မြောက်ဘက် မီတာ ၅၀၀၀ အကွာမှ လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ တပ်ရင်းဌာနချုပ်၏ တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာနေရာ၌ ကျည်ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ထို့ပြင် ဖေဖော်ဝါရီ ၃ ရက်နံနက် ၃ နာရီခွဲတွင်လည်း မိုးကောင်းမြို့နယ်၊ လွယ်လိယန်ကျေးရွာအုပ်စု၊ မရန်ကထောင်ကျေးရွာရှိ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်စခန်းအား KIA အကြမ်းဖက် သောင်းကျန်းသူအင်အား ၆၀ ဦးခန့်က စခန်း၏ အရှေ့ဘက်မီတာ ၁၀၀ ခန့်အကွာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်းကောင်း၊ နံနက် ၄ နာရီ ၅၀ မိနစ်တွင် မြစ်ကြီး နားမြို့နယ်၊ နန်းကွေ့ကျေးရွာအုပ်စု၊ နန်ကျင်ကျေးရွာရှိ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်စခန်းအားလည်း KIA အကြမ်းဖက်သောင်းကျန်းသူ အင်အား ၅၀ ဦးခန့်က စခန်း၏ အနောက်ဘက်၊ အနောက်မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တို့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ဖြစ်စဉ်များတွင် ရန်သူအချို့သေဆုံးခဲ့ပြီး မိမိဘက်မှ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖြစ်စဉ်ဖြစ်ပွားရာနေရာများနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်တို့၌ တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူူ မြန်မာပြည်မြောက်ပိုင်းနှင့် ရခိုင်ဒေသများ၌ စစ်တပ်နှင့် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်သော ကချင်၊ ကိုးကန့်၊ တအာင်း၊ ရခိုင်တပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ကာလအတန်ကြာပြီဖြစ်ကြောင်း၊ ကချင်ဒေသအတွင်း တိုက်ပွဲများ ယနေ့အချိန်အထိ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ပွဲရှောင်အရေအတွက်မှာ ဆက်လက်မြင့်တက်လျက်ရှိကြောင်း၊ မြောက်ပိုင်း မဟာမိတ်အဖွဲ့မှ အကောင်းဆုံးပူးပေါင်းပြီး ခုခံတော်လှန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဖေဖော်ဝါရီ ၃ ရက်တွင် ထုတ်ပြန်သည်။

Most Read

Most Recent