ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ကြေညာချက်သစ်တစ်ခု ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ကြေညာချက်သစ်တစ်ခု ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်
Published 4 February 2018

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ငွေကြေးကုန်ကျမှုထပ်တိုး လာနိုင်သည့် ကြေညာချက်အသစ်တစ်ခုကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သော ကြေညာချက်တွင် CI စာအုပ်လျှောက်ထားခြင်း၊ ဗီဇာ(နေထိုင်ခွင့်) လျှောက်ထားခြင်း၊ အလုပ်လုပ်ခွင့် သက်တမ်းတိုးရန်တို့အတွက် လုပ်ငန်းစဉ်များ၊ CI စာအုပ်ထုတ်ပေးရေး စခန်းများတွင် CI စာအုပ်၊ နေထိုင်ခွင့် ဗီဇာနှင့်အလုပ်လုပ်ခွင့်စသည်တို့ကို တစ်နေရာတည်း အပြီးအစီး ပြုလုပ်နိုင်မည့် စခန်းများကို ထိုင်းနိုင်ငံရှိ ခရိုင်တိုင်းတွင် ၂၀၁၈၊ ဖေဖော်ဝါရီ ၅ ရက်မှ မတ် ၃၁ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယာယီပတ်စပို့(ခရမ်းရောင်)နှင့် ပန်းရောင်ကတ်(ကုန်းဘက်) ကိုင်ဆောင်ထားကြသော အလုပ်သမားများအနေဖြင့် ယာယီပတ်စပို့ ခရမ်းရောင်စာအုပ် (သို့မဟုတ်) ပန်းရောင်ကတ် (ကုန်းဘက်) ရှိပြီး ဃှု ရရှိထားသော အလုပ်သမားများသည် နေထိုင်ခွင့်ဗီဇာနှင့် အလုပ်လုပ်ခွင့်ကို ၂၀၂၀ ပြည့်နှစ် မတ် ၃၁ ရက်အထိ သက်တမ်းရရှိမည် ဖြစ်သည်။

CI စာအုပ်လျှောက်ထားဆဲနှင့် သက်တမ်းမသေသေးသည့် ပန်းရောင်ကတ် (ကုန်း ဘက်)ကိုင်ဆောင်ထားသူများ၊ ခရမ်းရောင် စာအုပ်ကိုင်ဆောင်ထားသူများသည် CI စာအုပ်လျှောက်ထားပြီးပါက နေထိုင်ခွင့်ဗီဇာနှင့် အလုပ်လုပ်ခွင့်ကို ၂၀၁၉ ခုနှစ်  နိုဝင်ဘာအထိ ရရှိမည်ဟု ယင်းကြေညာချက်တွင် ပါရှိသည်။

ပန်းရောင်ကတ်(ရေဘက်) ကိုင်ဆောင်ထားသော ငါးဖမ်းလုပ်သား၊ လှေလုပ်သားများနှင့် ပင်လယ်စာလုပ်ငန်းတွင် အလုပ်လုပ်နေကြသော အလုပ်သမားများအနေဖြင့် ၂၀၁၈ ခုနှစ် ဇွန်လတွင် သက်တမ်းကုန်မည့် ပန်းရောင်ကတ် (ရေဘက်) ကိုင်ဆောင်ထားသော ငါးဖမ်းလုပ်သား၊ လှေလုပ်သားများနှင့် ပင်လယ်စာလုပ်ငန်းများတွင် အလုပ်လုပ်နေကြသော အလုပ်သမားများသည် CI စာအုပ် လျှောက်ထားပြီးပါက နေထိုင်ခွင့်ဗီဇာနှင့် အလုပ်လုပ်ခွင့်တို့ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ အထိရရှိမည်ဖြစ်ကြောင်း သိရသည်။

အလုပ်ရှင်နှင့် အလုပ်သမားမှန်ကန်ကြောင်း အထောက်အထားတရားဝင် စာရင်းသွင်းထားပြီးသော အလုပ်သမားများသည် ၂၀၁၈ ခုနှစ် ဇွန်မတိုင်ခင် CI စာအုပ်လျှောက်ထားရမည်ဖြစ်ပြီး CI စာအုပ်လျှောက်ထားပြီးပါက နေထိုင်ခွင့် ဗီဇာနှင့် အလုပ်လုပ်ခွင့်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ ရရှိမည် ဖြစ်သည်။

“အထောက်အထားပြုလုပ်တဲ့ အဆင့်တစ်ဆင့်တိုးလာတိုင်း ကုန်ကျစရိတ်တွေက ပိုပိုလာတာကြောင့် ရင်တထိတ်ထိတ်နဲ့ စိတ်မသက်မသာဖြစ်ရတာက ရွှေ့ပြောင်းအလုပ်သမားတွေတင်မက သူတို့ကို လက်ခံထားရတဲ့ အလုပ်ရှင်အသိုင်းအဝိုင်းပါ သောကရောက်ကြရတယ်။ တကယ်တမ်း အကျိုးရှိသွားတာက ထိုင်းအလုပ်သမားဝန်ကြီးဌာနနဲ့ထိုင်းအစိုးရပဲ ဖြစ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေ အတွက်က မျှော်လင့်ရင်ခုန်ရင်တုန်စွာနဲ့ပေါ့။ ထိုင်းအစိုးရအတွက်ကတော့ အမျိုးမျိုး အထပ်ထပ် အကျိုးအမြတ်ပေါ့” ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA ) ဥက္ကဋ္ဌ ဦးမိုးက ဆိုသည်။

ထိုင်းနိုင်ငံအတွင်း သွားရောက်လုပ်ကိုင်လျက်ရှိသည့် မြန်မာ့ရွှေ့ပြောင်းလုပ်သား သုံးသန်းကျော်ရှိသည့်အနက်၂၀၁၇ ဒီဇင်ဘာလကုန်ထိ အထောက်အထား CI ပြုလုပ်ခဲ့သူ သုံးသိန်းကျော်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent