ခန္တီးရတနာနယ်မြေအတွင်းသို့ တရားဝင် ဝင်ထွက်သွားလာခွင့်ကတ်များ စတင်ပြုလုပ်ပေးနေ

ခန္တီးရတနာနယ်မြေအတွင်းသို့ တရားဝင် ဝင်ထွက်သွားလာခွင့်ကတ်များ စတင်ပြုလုပ်ပေးနေ
Published 4 February 2018

ခန္တီးရတနာနယ်မြေရှိ ရေမဆေးရှာဖွေသူများအား တွေ့ရစဉ်

ခန္တီးရတနာနယ်မြေအတွင်းသို့ တရားဝင် ဝင်ထွက်သွားလာခွင့်ကတ်များ စတင်ပြုလုပ်ပေးနေကြောင်း သိရသည်။

ထိုကတ်များကို အရောင်သုံးမျိုးခွဲ၍ ပြုလုပ်ပေးနေပြီး ထိုကတ်ကိုင်ဆောင်ထားသူများသည် ခန္တီးရတနာနယ်မြေအတွင်းသို့ တရားဝင် ဝင်ထွက်သွားလာခွင့်ရရှိမည်ဖြစ်ပြီး စွန့်ပစ်မြေစာပုံတွင် တရားဝင် ကျောက်မျက်ရှာဖွေခွင့် ရရှိမည်ဖြစ်ကြောင်း ခန္တီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းက ပြောကြားသည်။

“ကတ်ကို အရောင်သုံးမျိုးခွဲပြီး လုပ်ပေးမယ်။ အစိမ်းရောင်၊ အဝါရောင်နဲ့ အနီရောင်ပေါ့။ ဒေသခံတွေနဲ့ ရေမဆေးရှာတဲ့လူတွေအတွက်က အစိမ်းရောင်၊ ကုမ္ပဏီလုပ်သားတွေအတွက်က အဝါရောင်နဲ့ ရတနာနယ် မြေထဲကို ခဏတစ်ဖြုတ်လာတဲ့ဧည့်သည်တွေ ကျောက်လာဝယ်တဲ့ လူတွေအတွက်ကတော့ အနီရောင်ဖြစ်ပါတယ်။ ဒီကတ်လုပ်ပေးခြင်းအားဖြင့် ဒေသခံတွေ၊ ရေမဆေးရှာတဲ့ လူတွေအနေနဲ့ စွန့်ပစ်မြေစာပုံမှာ ကျောက်တရားဝင်ရှာလို့ ရသွားမယ်။ အရင်ကဆိုရင် စွန့်ပစ်မြေစာပုံတွေမှာလည်း တရားဝင်ရှာခွင့် မရကြဘူးလေ။ မှော်ထဲကိုလည်း တရားဝင် ဝင်ထွက်သွားလာလို့ရသွားမယ်။ နောက်ပြီး လက်လုပ်လက်စား တစ်ပိုင်တစ်နိုင်တူးဖော်ခွင့်တွေရလာရင် ဒီကတ်ကိုင်ဆောင်ထားသူတွေက တစ်ပိုင်တစ်နိုင်တူးဖော်ခွင့်လည်း လျှောက်ထားလို့ရမယ်” ဟု ဦးသိန်းလှိုင်ဝင်းက ပြောကြားသည်။

ကတ်လျှောက်ထားကိုင်ဆောင်ခွင့် ရသူများသည် လတ်တလောတွင် ခန္တီးရတနာ နယ်မြေအတွင်းသို့ တရားဝင် ဝင်ထွက်သွားလာခွင့်နှင့် စွန့်ပစ်မြေစာပုံတွင် ကျောက်မျက်တရားဝင် ရှာဖွေခွင့်သာရရှိမည်ဖြစ်ပြီး ရှာဖွေရရှိလာသော ကျောက်မျက်များကို လက်ဝယ်ကိုင်ဆောင်ခွင့်၊ သယ်ယူရောင်းချခွင့်ကိုမူခွင့် မပြုသေးကြောင်း သိရသည်။ လက်ဝယ်ကိုင်ဆောင်ခွင့်၊ သယ်ယူရောင်းချခွင့်နှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ ထပ်မံဆွေးနွေး ညှိနှိုင်းနေဆဲဖြစ်ကြောင်း သိရသည်။

ထိုကတ်များကို ခန္တီးရတနာနယ်မြေ နန်စီပွန်ဒေသတွင် သက်ဆိုင်ရာဌာနများမှ စတင်ပြုလုပ်ပေးနေပြီး ကတ်လျှောက်ထားရာတွင် ကတ်တစ်ကတ်လျှင် ငွေကျပ်တစ်သောင်း ကုန်ကျမည်ဖြစ်ကာ မှတ်ပုံတင်အပြင် အိမ်ထောင်စုဇယား၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာနှင့် ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်း ထောက်ခံစာတို့ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ ကတ်လျှောက်ထားရာတွင် ကောက်ခံသော ငွေကျပ်တစ်သောင်းကိုလည်း စနစ်တကျ စာရင်းပြုလုပ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ခန္တီးရတနာနယ်မြေအတွင်းသို့ တရားဝင် ဝင်ထွက်သွားလာခွင့်ကတ်များ ပြုလုပ်ပေးခြင်းနှင့် ပတ်သက်ပြီး ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိလာနိုင်ကြောင်း ခန္တီးဒေသခံ ကိုအောင်ဆန်းမြင့်က ပြောကြားသည်။

“ဒီလိုကတ်တွေလုပ်ပေးလိုက်တာ တော်တော်ကောင်းပါတယ်။ ဒီလိုလုပ်ပေးလိုက်ခြင်းအားဖြင့် စွန့်ပစ်မြေစာပုံတွေမှာ ဒေသခံတွေက ကျောက်တရားဝင်ရှာလို့ ရသွားမယ်။ ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုရလာမှာပေါ့။ ကျောက်မျက် ဥပဒေပုဒ်မ ၄၂(က) အရဆိုရင် ရှာလို့လည်း မရသလို ကိုင်ဆောင်ခွင့် ရောင်းဝယ်ခွင့်လည်း မရဘူးဖြစ်နေတာလေ။ ဒီကတ်ကနေမှတစ်ဆင့် လက်လုပ်လက်စား တစ်ပိုင်တစ်နိုင်တူး ဖော်ခွင့်တွေချပေးမယ်ဆိုပေမယ့် ဒေသခံတွေအဓိက လိုအပ်တာက ရှာဖွေခွင့်၊ ကိုင်ဆောင်ရောင်းဝယ်ခွင့်ပဲ။ အခုဆိုရင် နိုင်ငံတော်အတွက်လည်း အခွန်ပိုရလာမယ်။ အရင်ကဆိုရင် ရောင်းဝယ်ခွင့်လည်းမရှိတော့ မှောင်ခိုဈေးနဲ့ပဲရောင်းဝယ်နေကြပြီး ဈေးလည်းအနှိမ်ခံရသလို နိုင်ငံတော်လည်း အခွန် တွေဆုံးရှုံးတယ်။ တစ်ခုတော့ရှိတယ်၊ တချို့ ရေမဆေးသမားတွေကျတော့ နေရာအနှံ့ကလာပြီး ဒီမှာအခြေချ လုပ်ကိုင်နေကြတာဖြစ်လို့ သက်ဆိုင်ရာကိုယ့်မြို့နယ်ပြန်ပြီး ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာပြန်ယူရ မယ်ဆိုရင် နည်းနည်းတော့အခက်အခဲ ဖြစ်မှာပေါ့” ဟု ကိုအောင်ဆန်းမြင့်က ဆိုသည်။

ခန္တီးရတနာနယ်မြေရှိဒေသခံများ၊ ရေမ ဆေးရှာဖွေသူများနှင့် ကျောက်ကုမ္ပဏီများ အကြား အငြင်းပွားမှုများ မကြာခဏဖြစ်ပေါ်ခဲ့သည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် ဒေသခံ ရေမဆေးရှာဖွေသူများနှင့် လုံခြုံရေးဝန်ထမ်းများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ဒေသခံရေမဆေးရှာဖွေသူ သုံးဦးသေဆုံးခဲ့ကာ ရေမဆေးရှာဖွေသူအချို့နှင့် လုံခြုံရေးဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ဆီလှောင်ကန်အချို့လည်း မီးလောင်ပျက်စီးခဲ့သည်။

Most Read

Most Recent