ဖားကန့်လုံးခင်းကျေးရွာအုပ်စုအတွင်း မြေစာပုံပြိုကျမှုဖြစ်ပွားပြီး ရေမဆေးကျောက်ရှာဖွေသူ သုံးဦး သေဆုံး

ဖားကန့်လုံးခင်းကျေးရွာအုပ်စုအတွင်း မြေစာပုံပြိုကျမှုဖြစ်ပွားပြီး ရေမဆေးကျောက်ရှာဖွေသူ သုံးဦး သေဆုံး
Published 4 February 2018

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုအတွင်း မြေစာပုံပြိုကျမှုဖြစ်ပွားပြီး ရေမဆေးကျောက်ရှာဖွေသူ သုံးဦးသေဆုံးခဲ့ကြောင်း လုံးခင်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁ ရက် ညသန်းခေါင်ယံအချိန်ခန့်က ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ ငိုးပင်းမှော်၊ ယူနတီ ကုမ္ပဏီလုပ်ကွက်တွင်း မြေစာပုံအဟောင်းတစ်ခု ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း၊ ပြိုကျမှုဖြစ်ပွားခဲ့သည့် မြေစာပုံမှာ အမြင့်ပေ ၃၀ ခန့်ရှိပြီး မြေစာပုံအောက်ခြေတွင် ရေမဆေးသမားများက ကျင်းခေါင်း၍ ကျောက်ရှာဖွေခြင်းကြောင့် ပြိုကျခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ မြေစာပုံပြိုကျမှုကြောင့် ကျင်းခေါင်းကျောက် ရှာဖွေနေသူ ရေမဆေးသမားသုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ပြိုတာက ၁ ရက်နေ့က ပြိုတာ။ သိတာက ကျွန်တော်တို့ ၂ ရက် နံနက် ၈ နာရီလောက်မှ စသိတာ။ သေတာက သုံးယောက်ပါ။ အမြင့်ပေက ၃၀ လောက်ရှိတယ်။ မြေစာပုံက သိပ်မမြင့်ဘူး။ အောက်က ရေမဆေးသမားတွေ ခေါင်းလို့အပေါ်ကနေ ပြန်ပြတ်ကျတာ” ဟု လုံးခင်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့မှ ဦးကျော်သူရက ပြောကြားသည်။

ယင်းရုပ်အလောင်း သုံးလောင်းအနက် ဆိုင်းရာကျေးရွာတွင် နေထိုင်သူမောင်နေလ (၂၃)နှစ်၊ (ဘ)ဦးမတ်ပုံကိုသာ အမည်သိရှိရပြီး ကျန်နှစ်လောင်းမှာ အမည်မသိရှိရသေးကြောင်း သိရသည်။

Most Read

Most Recent