မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် လုပ်ကြံခံရမှုနှင့်ပတ်သက်၍ တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသားအချို့ကို ခေါ်ယူစစ်ဆေးနေကြောင်းနှင့် တိမ်ညိုကျေးရွာဈေးအနီး ချောင်းတွင် ရဲတပ်ဖွဲ့ဝင်များက ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရ

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် လုပ်ကြံခံရမှုနှင့်ပတ်သက်၍ တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသားအချို့ကို ခေါ်ယူစစ်ဆေးနေကြောင်းနှင့် တိမ်ညိုကျေးရွာဈေးအနီး ချောင်းတွင် ရဲတပ်ဖွဲ့ဝင်များက ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရ
Published 4 February 2018

Photo: Ministry of Home Affairs, Myanmar

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် လုပ်ကြံခံရပြီးနောက် အမှုနှင့်ပတ်သက်၍ သံသယရှိသူလေးဦးအား ရန်ကုန်မြို့တွင် ဖမ်းဆီးခဲ့ပြီးနောက် တိမ်ညိုအုပ်ချုပ်ရေးမှူးနှင့် ရွာသားအချို့အား စစ်ဆေးမေးမြန်းရန် ခေါ်ယူမှုများရှိနေပြီး  တိမ်ညိုဈေးအနီးမှ ချောင်းအတွင်းလည်း သက်သေခံပစ္စည်းများ ရှိနိုင်ကြောင်း ရဲတပ်ဖွဲ့ဝင်များမှ လာရောက်ရှာဖွေမှုများရှိခဲ့ကြောင်း သိရသည်။

“ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့  ရွာသားသုံးလေးယောက်ကို မနေ့ကတည်းက မြို့ကခေါ်တယ်ဆိုပြီး သွားကြတာ။ ညအိပ်ဖို့လည်း မရောက်ဘူး။ အခုထိလည်း မရောက်ဘူး။ ဖမ်းထားတာလား၊ စစ်ဆေးနေတာလား ဆိုတာမျိုးကိုလည်း အတိအကျမသိဘူး။ မိသားစုတွေ လိုက်သွားတော့လည်း မတွေ့ရဘူးလို့ ပြောတယ်။ နောက်ပြီး ဒီနေ့မနက်ကလည်း ရွာဘေးကချောင်းကို ရဲတွေလာပြီး ရှာဖွေတယ်။ ချောင်းအတွင်းမှာ သက် သေခံပစ္စည်းကို ရှာတယ်လို့လည်း ပြောကြတယ်။ တချို့ကတော့ လက်လုပ်သေနတ်တွေရှိနိုင်တဲ့အတွက် လာရောက်ရှာကြတာလို့လည်း ပြောတယ်။ မနက်ဖြန် လာရှာဦးမယ်လို့လည်း ပြောသွားတယ်တဲ့။ ကျွန်မတို့ကလည်း ကြောက်ပြီး အပြင်သိပ်မထွက်ရဲဘူး။ နေအိမ်တချို့ကိုလည်း ရှာသွားတယ်လို့ ကြားပါတယ်” ဟု အမည်မဖော်လိုသူ တိမ်ညိုကျေးရွာမှ အမျိုးသမီးတစ်ဦးက ဆိုသည်။

တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့်နှင့် ၎င်း၏ ဇနီး၊ သား၊ ချွေးမတို့ လေးဦးကို ရန်ကုန်မြို့တွင် ဖမ်းဆီးရမိထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပြီးနောက် ပုဏ္ဏားကျွန်း စခန်းသို့လွှဲပြောင်းကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုချက်ရယူနိုင်ခဲ့ခြင်း မရှိသကဲ့သို့ မိသားစုဝင်များအနေဖြင့်လည်း ယင်းသို့လွှဲပြောင်းသည်ဟု မသိရှိရကြောင်း ပြောဆိုကြသည်။

ယင်းနှင့်ပတ်သက်ပြီး ဦးကျော်မြင့်၏ သမီးဖြစ်သူ ဒေါ်တင်တင်မြင့်က “လက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းနဲ့ ကျွန်မအိမ်ရှင် ဦးဝင်းဇော်အပါအဝင် ခြောက်ယောက်ကို မနေ့က မနက် ၈ နာရီလောက်တည်းက မေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်သွားတယ်။ အခု ညနေ ၅ နာရီခွဲအထိ ပြန်မရောက်ကြသေးဘူး။ ဖုန်းဆက်တော့ ကိစ္စမပြီးသေးဘူးလို့သာပြောတယ်။ လာလို့မရဘူးလို့သာပြောတယ်။ လောလောဆယ် ဖမ်းထားတာတော့မဟုတ်ဘူးလို့ သိရတယ်။ ဒါပေမဲ့ ဖမ်းမလား၊ မဖမ်းဘူးလားဆိုတာမျိုးတော့ မသိဘူး” ဟု ပြောကြားသည်။

မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်ကို ဇန်နဝါရီ ၃၀ ရက်က ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူကျေးရွာအနီး ရန်ကုန်-စစ်တွေ ကားလမ်းမဘေးတွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ယင်းအမှုနှင့် ပတ်သက်ပြီး သံသယရှိသူဟုယူဆပြီး ဖမ်းဆီးထားသူလေးဦးအား ပုဏ္ဏားကျွန်းရဲစခန်းက ပုဒ်မ ၃၀၂/ ၄၄၀/ ၁၁၄ စသည့်ပုဒ်မသုံးခုဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

ထို့အပြင် ဦးကျော်မြင့်မှာ ဇန်နဝါရီ ၂၈ ရက်ကတည်းက ရန်ကုန်သို့ ထွက်ခွာသွားခဲ ခြင်းဖြစ်ပြီး ဦးဘိုဘိုမင်းသိုက် လုပ်ကြံခံရချိန် နှင့် လွန်စွာကွာခြားနေကြောင်း ဒေါ်တင်တင်မြင့်က ပြောကြားသည်။

ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှူး ဒုရဲမှူးသက်စိုးက ရန်ကုန်မြို့တွင် ဖမ်းဆီးထားသော ဦးကျော်မြင့်တို့အား လွှဲပြောင်ခြင်း၊ သွားရောက်ခေါ်ယူဆောင်လာခြင်း မရှိသေးကြောင်း ပြောကြားသည်။

Photo: Ministry of Home Affairs, Myanmar

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်မှာ မြောက်ဦး ပဋိပက္ခဖြစ်စဉ်ပြီးနောက် သုံးရက်အကြာ ဇန်နဝါရီ ၁၉ ရက်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးသို့ လက်ထောက်ညွှန်ကြားရေးမှူးရာထူးဖြင့် ပြောင်းရွှေ့ခံထားရပြီးနောက် ယင်းကဲ့သို့ လုပ်ကြံခံရခြင်း ဖြစ်သည်။ ဦးဘိုဘိုမင်းသိုက်မှာ မြောက်ဦးပဋ္ဋိပက္ခဖြစ်စဉ် ဖြစ်ပွားချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ရာ ယခုကဲ့သို့ လုပ်ကြံခံခဲ့ရမှုမှာ မြောက်ဦးအရေးနှင့် ပတ်သက်ပြီး ပိုမိုစိတ်ဝင်စားဖွယ် ဖြစ်စေခဲ့သည်။

ဦးဘိုဘိုမင်းသိုက်နှင့်အတူ အခင်းမဖြစ်မီ ယာဉ်ပေါ်တွင် အမျိုးသားသုံးဦးလည်း အတူပါရှိခဲ့သည်ဟုသိရပြီး လုပ်ကြံပြီးချိန်တွင် ယင်းတို့မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

၎င်းတို့လိုက်ပါလာသော ယာဉ်ကို ပတ်ဝန်းကျင်မှ တွေ့ရှိသောအချိန်တွင် တိမ်းမှောက်နေကြောင်း သိရသော်လည်း ဦးဘိုဘိုမင်းသိုက်မှာ ထိုးသွင်းဒဏ်ရာများကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဦးဘိုဘိုမင်းသိုက် လိုက်ပါစီးနင်းလာသော မော်တော်ယာဉ်မှာ ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများ၏ မှုခင်းဖြစ်စဉ်အပေါ် စစ်ဆေးချက်များရယူအပြီး ပြန်သွားချိန် ည ၈ နာရီက မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ဇန်နဝါရီ ၁၆ ရက်က ဖြစ်ပွားခဲ့သော မြောက်ဦးပဋိပက္ခဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းမှုကြောင့် ဒေသခံ ခုနစ်ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာ ရရှိခဲ့ပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ်လွှတ်တော်က သီးခြားစုံစမ်းရေး ကော်မတီတစ်ရပ် ဖွဲ့စည်းခြင်းကို ဇန်နဝါရီ ၂၉ ရက်က မဲခွဲဆုံးဖြတ်အတည်ပြုခဲ့သည်။ ယင်းကဲ့သို့ ပြည်နယ်လွှတ်တော်မှ မြောက်ဦးဖြစ်စဉ် စုံစမ်းရေးအဖွဲ့ကို အတည်ပြုဖွဲ့စည်းပြီး တစ်ရက်အကြာတွင် မြောက်ဦးပဋိပက္ခ ဖြစ်ပွားစဉ်အတွင်း မြောက်ဦးအုပ်ချုပ်ရေးမှူး တာဝန်ယူခဲ့သူ ဦးဘိုဘိုမင်းသိုက် လုပ်ကြံခံခဲ့ရခြင်းမှာ လူအများအကြား စိတ်ဝင်စားမှု မြင့်တက်လာစေခဲ့သည်။

Most Read

Most Recent