လမ်း ၄၀ နှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ ဂန္ဓီဟောအဆောက်အအုံအား ရှေးဟောင်းအဆောက်အအုံအဖြစ် ကမ္ပည်းတပ်ဆင်ရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့သို့ တင်ပြပြီးဖြစ်ဟုဆို

လမ်း ၄၀ နှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ ဂန္ဓီဟောအဆောက်အအုံအား ရှေးဟောင်းအဆောက်အအုံအဖြစ် ကမ္ပည်းတပ်ဆင်ရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့သို့ တင်ပြပြီးဖြစ်ဟုဆို
Published 4 February 2018

လမ်း ၄၀ နှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ ဂန္ဓီဟောအဆောက်အအုံအား ရှေးဟောင်းအဆောက်အအုံအဖြစ် ကဗ္ပည်းတပ်ဆင်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့သို့ တင်ပြထားပြီးဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (ဒုတိယနေ့) တွင် မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

အဆိုပါကိစ္စအား ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ၏ ကျောက်တံတားမြို့နယ်အတွင်းရှိ အသုံးမပြုဘဲ ပိတ်ထားသော တိုက်အို၊ တိုက်ဟောင်းများကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍သော်လည်းကောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍သော်လည်းကောင်း ပြုပြင်ထိန်းသိမ်းခြင်းကို မြို့တော်အင်္ဂါရပ်နှင့် အညီ စီမံဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ သိရှိလိုကြောင်း မေးခွန်းနှင့်ပတ်သက်ပြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“အထူးသဖြင့် ကျောက်တံတားမြို့နယ်အတွင်းမှာ ကွင်းဆင်းစစ်ဆေးချက်အရ အသုံးမပြုဘဲ ပိတ်ထားတဲ့ အဆောက်အအုံတွေ ရှိပါတယ်။ အဓိကတော့ ကုန်သည်လမ်းရယ်၊ လမ်း ၄၀ နဲ့ ဗိုလ်အောင်ကျော်လမ်းထောင့်မှာရှိတဲ့ သုံးထပ်တိုက် အဆောက်အအုံနှစ်လုံး၊ ဒါက ဂန္ဓီဟော ဖြစ်ပါတယ်။ အဲဒီ ဂန္ဓီဟောကို အစည်းအဝေးဆုံးဖြတ်ချက်အရ ရှေးဟောင်းအဆောက်အအုံအဖြစ် ကဗ္ပည်းကပ်ဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို တင်ပြပြီး ဖြစ်ပါတယ်။ နောက်ကုန်သည်လမ်း၊ ၃၂ လမ်းနဲ့ ၃၈ လမ်းထောင့်မှာရှိတဲ့ သုံးထပ်တိုက် အဆောက်အအုံနှစ်လုံး၊ အဲဒါကိုလည်း အကြောင်းကြားထားပါတယ်။ နောက် ၃၉ လမ်း၊ အမှတ် ၄၀၊ ၄၂ နဲ့ ၅၄၊ ၅၆ နှစ်ထပ်ဂို ဒေါင်နှစ်လုံး၊ တင်ပြထားတဲ့ အဆောက်အအုံ အတွေမှာ ပျက်စီးယိုယွင်းနေတာကြောင့် ပြုပြင်ဖို့ လိုအပ်နေတာတွေ့ရပါတယ်။ တင်ပြထားတဲ့ အဆောက်အအုံ လေးလုံးအနက် သုံးလုံးက ပြုပြင်ရန်အတွက် ပိုင်ရှင်ကိုလည်း ရန်ကုန်တိုင်း စည်ပင်သာယာရေးကော်မတီအနေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

ထို့ပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ အဆောက်အအုံများအား ပြုပြင်ထိန်းသိမ်းသည့် လုပ်ငန်းများကို သက်ဆိုင်ရာ မြေရှင်၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတို့နှင့်သာ ဆက်စပ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောက်လုပ်ခွင့်ပြုထုတ်ပေးခြင်းတို့ကို ဆောင်ရွက်နေကြောင်း၊ ထို့ပြင် လိုအပ်ပါက ပြင်ဆင်ရန်အတွက် အခါကြီးရက်ကြီးနီးသည့် အချိန်တွင်လည်း အိမ်၏ မျက်နှာစာသန့်ရှင်းရန်လည်း ဆောင်ရွက်ကြောင်း၊ အချို့မလွဲမသွေ ကိစ္စများတွင်လည်း စည်ပင်သာယာအနေဖြင့် နိုင်ငံတော်ဘတ်ဂျက်ချပြီး မျက်နှာစာအလှပြုပြင်ရန် ငွေထုတ်ပေးရသည့် အခြေအနေရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Most Read

Most Recent